တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော် စက်တင်ဘာ ၁၇
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက်တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲလေ့လာနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊တပ်ကုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်း ရုပ်ရှင်ကိုစိတ်ဝင်စားစွာကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့်ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့်လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းများအလိုက်တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြသည်။ ထို့ပြင် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော်လေယာဉ်များကို လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံ များရိုက်ကူးကြသည်။
ထို့နောက် ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့်စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြသည်။
လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း အခုလိုပဲ ကြားသိခဲ့ရပါတယ်-
“ ဒီပြတိုက်ကို လာရောက်ပြီးတော့ လည်ပတ်ရတာဆိုရင် အဓိကရည်ရွယ်ချက်ကတော့ ကျောင်းသား၊ကျောင်းသူတွေ အသိပညာဗဟု သုတကြွယ်ဝဖို့ရယ် စစ်သမိုင်းပြတိုက်မှာ ခင်းကျင်းပြသထားတဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ)နဲ့ပတ်သက်တဲ့ ကဏ္ဍအသီးသီးကဗဟု သုတဖြစ်ဖွယ် အကြောင်းအရာတွေ ကို ကလေးတွေ လက်တွေ့သိရှိဖို့ ဖြစ်ပါတယ်ရှင့်။
ဒီကို လာရောက်ရတဲ့အခါ ကလေးတွေက ကဏ္ဍပေါင်းစုံမှာရှိတဲ့ ကလေးတွေမသိသေးတဲ့ အကြောင်းအရာကို စာအုပ်ထဲမှာ သင်ကြားရတာ တွေမကဘဲနဲ့အပြင်လက်တွေ့ ဘဝမှာပါ ကိုယ်တိုင်ကိုယ်ကျလေ့လာရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပညာလည်းတော်တော်ရမယ်လို့ မျှော်လင့်ပါတယ်။ ဗဟုသုတလည်း ကြွယ်မယ်လို့ထင်ပါတယ်ရှင့်။လာရောက်လည်ပတ်ခွင့်ပေးတဲ့ သက်ဆိုင်ရာလူကြီးတွေ၊ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်”ဟုပြောသည်။
“သမီးတို့ နေပြည်တော်စစ်သမိုင်း ပြတိုက်ကို လာရောက်ကြည့်ရှုရတဲ့ ရည်ရွယ်ချက်ကတော့ ဒီတပ်မတော် (ကြည်း၊ ရေ၊ လေ)ရဲ့ သမိုင်းကြောင်းတွေကို အသေးစိတ်ကြည့်ရှုခွင့်ရချင်တဲ့အတွက် လာရောက်ကြည့်ရှုခြင်းဖြစ်ပါတယ်ရှင့်။ သမီးစိတ်အဝင်စားဆုံးကတော့ လေတပ်ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လေတပ်က သမီးငယ်ငယ်တုန်းကဆိုရင် လေယာဉ်တွေဆို သေးသေးလေးတွေပဲမြင်ဖူးတာပေါ့နော်။ အခုမှာဆိုရင် မျက်မြင်ကိုယ်တွေ့ အကြီးကြီးတွေမြင်ရတယ်။ လေယာဉ်အမျိုးမျိုးကိုလည်းတွေ့ခဲ့ရတဲ့အတွက် တကယ်ကိုပဲ ဝမ်းသာပီတိဖြစ်မိပါတယ်ရှင့်။ သမီးတို့ကို အခုလိုလေ့လာလည်ပတ်ခွင့်ရအောင်အခွင့်အရေးပေးခဲ့တဲ့ နိုင်ငံတော်အကြီးအကဲနှင့်တကွ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်” ဟု ပြောသည်။ (၁၀၀)



