ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့်(၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေး
နန်နင်း စက်တင်ဘာ ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ကျင်းပမည့်(၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် (၂၃)ကြိမ်မြောက်တရုတ်-အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ဒုတိယသမ္မတ ဦးညိုစောသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့သို့ရောက်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန်နှင့် နန်နင်းမြို့ လိယွမ်နိုင်ငံတော် ဧည့်ဂေဟာ၌တွေ့ဆုံကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့်သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံကိန်းများအကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြားအွန်လိုင်းလိမ်လည်မှုအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ်ငန်းများနှင့်ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညပိုင်းတွင် ဒုတိယသမ္မတဦးညိုစောသည် လိယွမ်နိုင်ငံတကာကွန်ဖရင့်စင်တာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြု ညစာစားပွဲသို့ တက် ရောက်သည်။ မြဝတီ
