နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာပစ္စည်းများ အဆက်မပြတ်ဝင်ရောက်လျက်ရှိ
နေပြည်တော် ဇူလိုင် ၁၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ တင်သွင်းရာတွင် လုပ်ငန်းရှင်များ လွယ်ကူစွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်ဖြေလျော့မှုများကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊ ကုန်သွယ် ရေးဇုန်နှင့် စခန်းများမှကုမ္ပဏီ(၁၃) ခုမှ မော်တော်ယာဉ် (၂၁) စီးဖြင့် Oxygen (အရည်) လီတာ(၁၅ ဒသမ ၄၁၈) သန်း ၊ Oxygen ဓာတ်ငွေ့အိုးဖြင့် လီတာ (၄၀၀၀) ၊ Oxygen အိုးအခွံ (၂၆၂၃)ခု၊ PPE ဝတ်စုံ (၁၂၇၉၅) စုံ၊ လက်အိပ်အစုံ (၁၉၀၀၀) ၊ Mask (၁၈၀) တန် တင်သွင်းနိုင်ခဲ့သည်။
ဇူလိုင် ၁၂ ရက်မှ ၁၈ ရက်အထိ Oxygen (အရည်) လီတာ (၄၉) သန်း၊ အိမ်သုံး Oxygen Concentrator (၆၅၀၅) ခု၊ Mask (၂၉၀) တန် တင်သွင်းနိုင်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးဆိုင်ရာ ဆေးဝါးများ တင်သွင်းရာတွင် ထိုင်းနိုင်ငံမှ ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများကို အဓိကလမ်းကြောင်းဖြစ်သည့် မြဝတီကုန်သွယ်ရေး ဇုန်မှ အများဆုံးတင်သွင်းနိုင်ခဲ့ပြီး ရောဂါထိန်းချုပ်မှုအတွက် နိုင်ငံတော်မှ ဦးစားပေးဆောင်ရွက်လျက်ရှိသည့် ဇူလိုင် (၁၂) ရက်မှ (၁၈) ရက်အထိ မော်တော်ယာဉ် (၁၁၇) စီး တင်သွင်းခွင့်ပြုခဲ့ကြောင်းနှင့် စတင်တင်သွင်းသည့် ဇူလိုင် ၁၂ ရက်မှစပြီး ပြည်တွင်း လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာပစ္စည်းများကို နေ့စဉ်ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။