တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

Thursday, September 17, 2026 - 08:00

 

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

 

နေပြည်တော်  စက်တင်ဘာ ၁၆

 

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက်တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင်လက်တွေ့ယှဉ်တွဲလေ့လာနိုင်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊   ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး  စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊တပ်ကုန်းမြို့နယ်ရှိအခြေခံပညာအထက်တန်းကျောင်း (ခွဲ)တောင်ပို့သာနှင့်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အေးချမ်းသာစံပြတို့မှ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့   လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့်  ဆရာ၊  ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့  ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့်ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။  ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့်လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ပြခန်းများကို  စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာပြခန်းများအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြသည်။ ထို့ပြင်  ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့်တပ်မတော်လေယာဉ်များကို  လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများရိုက်ကူးကြသည်။

ထို့နောက်    ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ  ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့်အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာ များကို ပေးအပ်ချီးမြှင့်ကြသည်။

လေ့လာရေး  လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း  အခုလိုပဲ ကြားသိခဲ့ရပါတယ်-

 

“ကျွန်မတို့ဒီနေ့စစ်သမိုင်းပြတိုက်ကို လေ့လာရေးခရီးလာရတဲ့ ရည်ရွယ်ချက်ကတော့ စစ်သမိုင်းပြတိုက်မှာ ပြသထားတဲ့ ပထမမြန်မာနိုင်ငံတော်ကြီး တည်ထောင်စဉ်ကစပြီးတော့ ယနေ့ခေတ်အချိန်ထိ တပ်မတော်ရဲ့လုပ်ဆောင်ထားတဲ့အရာတွေကို လာရောက်ပြီးတော့လေ့လာရခြင်းဖြစ်ပါတယ်ရှင်။ ကျောင်းသားတွေက တစ်နှစ်တာပတ်လုံး စာသင်ခန်းအတွင်းမှာပဲ အမြဲတမ်းသင်ခန်းစာတွေကို လေ့လာသင်ယူနေရတာထက် အခုလိုလေ့လာရေးခရီးတွေ ကို လာရောက်လေ့လာရတဲ့အခါမှာ စာတွေ့ရောလက်တွေ့ပါ  နှစ်ခုစလုံးလေ့လာရတဲ့အတွက်ကြောင့် အသိပညာတွေလည်း  ပိုပြီးတော့ရရှိစေပါတယ်ရှင်။ ကျွန်မတို့ ဆရာမတွေအနေနဲ့လည်း   သင်ခန်းစာသင်ကြားရတဲ့အခါမှာ   အခုလို လေ့လာရေးခရီးတွေသွားပြီးတော့ ကျောင်းသားတွေနဲ့အတူတူ လေ့လာရတဲ့အတွက်ကြောင့်  ဗဟုသုတတွေလည်း  အများကြီးရရှိပါတယ်ရှင်။ အခုလိုမျိုး စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာရတဲ့အတွက်ကြောင့် ကျောင်းသားတွေကလည်း စာသင်ခန်းအတွင်း သင်ခန်းစာတွေသင်ယူတဲ့အခါမှာ ပိုပြီးတော့နားလည်ထိရောက်လာမှာဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့လည်း ကျောင်း သားတွေကို သင်ကြားပေးတဲ့အခါမှာ ပိုပြီးတော့တိကျသေချာတဲ့ အချက်အလက်တွေကို သင်ကြားပေးနိုင်မှာဖြစ်ပါတယ်။  အခုလိုမျိုး ကျောင်းသားရော၊ဆရာရောသင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့ တိကျနားလည်အောင် သင်ကြားပေးလိုက်တဲ့အခါမှာ ဒီကျောင်းသားတွေသည် နောင်တစ်ချိန်မှာ အမိနိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်ထွန်းလာမယ်လို့ မျှော်လင့်မိပါတယ်ရှင်။  အခုလိုမျိုးလေ့လာရေးခရီးတွေကို  သွားခွင့်ရအောင်လို့ လုပ်ဆောင်ပေးတဲ့    နိုင်ငံတော်အကြီးအကဲတွေ၊ တာဝန်ရှိသူတွေ၊ဒီစစ်သမိုင်းပြတိုက်မှာရှိတဲ့တာဝန်ရှိ အရာရှိတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်”ဟု  ပြောသည်။ 

  “ဒီကိုလာရတဲ့  ရည်ရွယ်ချက်ကတော့ ဒီမှာခင်းကျင်းပြသထားတဲ့ ပြခန်းတွေကို အသေးစိတ်လေ့လာသိရှိဖို့ပဲ ဖြစ်ပါတယ်ရှင်။ အခုလို အသေးစိတ်လေ့လာသိရှိဖို့ ပံ့ပိုးပေးထားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင်။ သမီးဒီစစ်သမိုင်းပြတိုက်မှာဆိုရင် စိတ်အဝင်စားဆုံးကတော့ လေယာဉ်ပျံပြကွက်ပဲဖြစ်ပါတယ်ရှင်။ လေယာဉ်ပျံရဲ့ အသေးစိတ်ပြကွက်တွေကိုလည်းလေ့လာခဲ့ရပါတယ်ရှင်။  သင်္ဘောရဲ့ အသေးစိတ်ပြကွက်တွေကိုလည်း  လေ့လာခဲ့ရပါတယ်ရှင်။ စာထဲမှာသင်ရတဲ့ စာတွေ့ထက်အပြင်မှာ လက်တွေ့ကပိုကောင်းပြီးတော့ အထောက်အကူလည်းဖြစ်စေပါတယ်ရှင်။ သမီးတို့ကို ဒီကိုရောက်အောင် ပို့ဆောင်ပေးတဲ့ အကြီးအမှူးတွေ ရော၊    ဆရာ၊  ဆရာမတွေရော၊ ရှင်းပြပေးတဲ့  ဦးလေးတွေကိုရော အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်”ဟု ပြောသည်။   (၁၀၀)