‎တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ ‎‌နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၁၅

Tuesday, September 15, 2026 - 15:00

 

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

 

‎‌နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၁၅

 

‎        နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား လူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက် ဆက် တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်း ပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင် ရွက်ပေးလျက်ရှိသည်။

‎        ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(MRTV)နှင့် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ သည် ယနေ့တွင် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့လာရောက် လေ့လာ ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန် ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု ခဲ့ကြပြီး သိရှိလို သည်များကို မေးမြန်းကြရာ ပြခန်းများအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြသည်။ ထို့ပြင် ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထား သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများ၊ စစ်ရေယာဉ်များနှင့် တပ်မတော်လေယာဉ်များကို လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံ များ ရိုက်ကူးကြသည်။

‎        ထို့နောက် ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက်များကို မှန်ကန်စွာ ဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာ များကို ပေးအပ်ချီးမြှင့်ကြသည်။

လေ့လာရေး လာရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း အခုလိုပဲ ကြားသိခဲ့ရပါတယ်  - 

 

တပ်မတော် စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာရတဲ့အခါမှာ ကျောင်းသားတွေရဲ့ သင်ခန်းစာတွေက စာတွေ့ဘဲ ဖြစ်နေရာကနေ အခုလက်တွေ့ သမိုင်းထဲက ပုဂ္ဂိုလ်တွေ အကြောင်း၊ လက်နက်တွေ၊ တိုက်ပွဲဝင်ခဲ့တဲ့ ခုနှစ်သက္ကရာဇ်တွေ၊ သူရဲကောင်းတွေ၊ အာဇာနည် တွေ အကြောင်းကို သိရတဲ့အခါမှာ စာတွေ့နဲ့ လက်တွေ့ တွဲပြီးတော့ သိရတဲ့အတွက် သင်ကြားမှု မှာ အထောက်အကူ အများကြီး ဖြစ်ပါတယ်။ တပ်မတော် စစ်သမိုင်းပြတိုက်ကို လာရောက် လေ့လာရတဲ့အတွက် ကျောင်းသား/သူတွေ အနေနဲ့လည်း အများကြီး အကျိုးရှိသလို ဆရာ/ ဆရာမတွေ အတွက်လည်း သင်ကြားမှုမှာ အထောက်အကူဖြစ်စေပါတယ်။ တပ်မတော် စစ်သမိုင်း ပြတိုက်ကို လာရောက်လေ့လာဖို့ စီစဉ်ပေးတဲ့ တာဝန်ရှိ လူကြီးတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

 

          သမီးကတော့ တပ်ကုန်းမြို့ အခြေခံပညာ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်း ကျောင်း (MRTV)မှာ ပညာသင်ကြားနေပါတယ်။ သမီးတို့ ဒီကို လာရောက်လေ့လာရတဲ့အတွက် တပ်မတော်ရဲ့ သမိုင်းကြောင်းတွေကိုလည်း အများကြီး သိရှိရပါတယ်။ ဗဟုသုတတွေလည်း အများကြီး ရပါတယ်။ သမီးတို့ ပြင်ပမှာ မသိခဲ့ရတဲ့ အရာမှန်သမျှကိုလည်း ဒီထဲမှာ သိရတဲ့အတွက် အများကြီး ဗဟုသုတရပါတယ်။ သမီးတို့ ပထမဆုံး စလာတဲ့အခါမှာဆိုရင် တပ်မတော် လေတပ်ကနေ စတင်ပြီးတော့ လေ့လာခဲ့ပါတယ်။ အဲ့ဒီမှာဆိုရင် တပ်မတော်မှာ အရင်ကတည်းက အသုံးပြုခဲ့တဲ့ လေယာဉ်တွေ၊ သူရဲကောင်းတွေကို သိရှိခဲ့ရပါတယ်။ နောက်ပြီး တော့ တပ်မတော် (ရေ) ဘက်ကို လာတော့လည်း တပ်မတော် (ရေ)မှာ အသုံးပြုခဲ့တဲ့ သင်္ဘောတွေနဲ့ တပ်မတော် ရေတပ်က ‌ရေသူရဲကောင်းတွေကိုလည်း သိရှိခဲ့ရပါတယ်။ တပ်မတော် (ကြည်း) ဘက်ကို လေ့လာခဲ့တဲ့အခါမှာဆိုရင်လည်း တပ်မတော် (ကြည်း) ဘက်က အကြီးအကဲ တွေနဲ့ တပ်မတော် (ကြည်း) ဘက်က စစ်သမိုင်းကြောင်းတွေ၊ အဲ့မှာရှိခဲ့တဲ့ ထူးချွန်တဲ့သူတွေရဲ့ ဘွဲ့တံဆိပ်အကုန်လုံးကို သိရှိခဲ့ရပါတယ်။ တပ်မတော် စစ်သမိုင်းပြတိုက်ကို လာရောက်လေ့လာဖို့ အတွက် အဘက်ဘက်ကနေ ကူညီပေးခဲ့တဲ့ လူကြီးတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။