ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ ကျောင်းသူကလေးငယ်တစ်ဦးအား သတ်ဖြတ်၍ ရွှေနားကွင်း လုယက်ယူဆောင်သူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၁၅

Tuesday, September 15, 2026 - 15:00

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ ကျောင်းသူကလေးငယ်တစ်ဦးအား သတ်ဖြတ်၍ ရွှေနားကွင်း လုယက်ယူဆောင်သူ ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်၊ စက်တင်ဘာ ၁၅

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ ကျောင်းသူကလေးငယ်တစ်ဦးကို သတ်ဖြတ်၍ ရွှေနားကွင်းအား လုယက်ယူဆောင်သူ စန်းနိုင် (၅၅) နှစ် ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် မအူပင် မြို့နယ်၊ ပန်းတောကျေးရွာနေ Grade-5 ကျောင်းသူဖြစ်သူ မဆောင်းနှင်းဖြူ(၁၁)နှစ်သည် တစ်ရွာတည်းနေ ဆရာမဖြစ်သူ ၏ နေအိမ် သို့ ကျူရှင်တက်ရန် ထွက်ခွာသွားရာမှ နေအိမ် သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ ပန်းတောကျေးရွာ လမ်းဘေးရှိ ဝါးရုံပင်အောက်၌ မဆောင်းနှင်းဖြူအား လည်ပင်းတွင်အဝတ်စဖြင့် ချည်နှောင်လျက် သေဆုံးနေသည်ကိုတွေ့ရှိခဲ့သဖြင့် ဖခင်ဖြစ်သူ ဦးဝင်းဖြိုးအောင်က ပြစ်မှုကျူးလွန်သူအား ဖော်ထုတ် အရေးယူပေးပါရန် တာလပေါနယ်မြေရဲစခန်း၌ တိုင်တန်း အမှု ဖွင့်ခဲ့သည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက  ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် မအူပင်မြို့နယ်၊ ပန်းတောကျေးရွာနေ စန်းနိုင်(၅၅)နှစ်အား ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ စက်တင်ဘာ ၁၃ ရက် ညနေ ၆ နာရီတွင် ပြစ်မှုကျူးလွန်သူ စန်းနိုင်သည် နေအိမ်ရှေ့တာလမ်းပေါ်၌ ကျူရှင်မှပြန်လာသည့် မဆောင်းနှင်းဖြူအား တွေ့ရှိ၍ ဝတ်ဆင်ထားသည့် နားကွင်းအားဖြုတ်ယူရာ အော်ဟစ်ရုန်းကန်သဖြင့် နားနှစ်ဖက်အား စုံကိုင်လှည့်လိုက်စဉ် မဆောင်းနှင်းဖြူမှာ ဇက်လည်ကာ လဲကျသေဆုံးသွားခဲ့ကြောင်း၊ ထို့နောက် လည်ပင်းအား အဝတ်စဖြင့်ချည်၍ လမ်းဘေးရှိ ဝါးရုံပင်အောက်တွင် ထားရှိပြီး ဝတ်ဆင်ထားသည့် အလေးချိန် ၁ ပဲ၊ ၃ ရွေးခန့်ရှိ ရွှေနားကွင်း ၁ ရံအား ဖြုတ်ယူခဲ့ ကြောင်းဖော်ထုတ်သိရှိရကာ သက်သေခံပစ္စည်း ရွှေနားကွင်းအား ၎င်း၏နေအိမ်၌ သိမ်းဆည်းရမိခဲ့ သဖြင့် ပြစ်မှု ကျူးလွန်သူ စန်းနိုင်ကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်