သီပေါမြို့နယ်၊ နမ့်ခမ်းကျေးရွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ နေပြည်‌တော်၊ ၂၀၂၆ စက်တင်ဘာ ၁၅ ရက်

Tuesday, September 15, 2026 - 14:45

 

သီပေါမြို့နယ်၊ နမ့်ခမ်းကျေးရွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်‌တော်၊ ၂၀၂၆ စက်တင်ဘာ ၁၅ ရက်

 

        နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ် အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက် ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအား ရှာ ဖွေဖော်ထုတ် တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

        ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ နမ့်ခမ်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများ နေထိုင် လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါ နေရာသို့သွားရောက်၍ စုံစမ်းရှာဖွေ ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၅နာရီ ၄၅မိနစ်ခန့်တွင် နေအိမ်တစ်လုံး အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ် နိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ဦး၊  မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၃ ဦးတို့အား Type-81 သေနတ် ၁ လက်၊ ကျည် ၆၀ တောင့်၊ ကျည်အိမ် ၄ ခု၊ ဖုန်းမျိုးစုံ ၂၂ လုံး၊ Laptop ၁ လုံး၊ Starlink ၄ စုံ၊ 12 V Battery ၁ လုံး၊ Solar Battery ၂ လုံး၊ Solar (620 W) ၆ ချပ်၊ Solar (420 W) ၁ ချပ်၊ အုတ်ကာ သွပ်မိုး အလျား ၅၀ ပေ၊ အနံ ၃၀ ပေ အဆောက်အအုံ ၁ လုံး၊ သွပ်ကာသွပ်မိုး အလျား ၃၀ ပေ၊ အနံ ၂၀ပေ အဆောက်အအုံ ၂ လုံးနှင့် အခြားလုပ်ငန်းသုံး ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီး ရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိ သည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်း လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။