ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှုနှင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၆မြို့နယ် တို့တွင် ရေဝင်ရောက်ခဲ့ခြင်းများအား တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၁၅ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင် တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ရက် နံနက်ပိုင်းမှစ၍ အလျား (၃၀၀)ပေ၊ အနံ (၄၅) ပေခန့် တာကိုယ်ထည်တိုက်စားကာ ဆည်မြောင်းတာ အိပဲ့ကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တာကိုယ်ထည်တိုက်စားခံရမှုအပေါ် ယာယီကာကွယ်နိုင်ရန်အတွက် တာကိုယ်ထည်တိုက်စားမှု ဖြစ်ပေါ်ခဲ့သည့်နေရာအား ရေလမ်းသောင်တူးလုပ်ငန်း ဆောင်ရွက် ခြင်း၊ Floating Structure တည်ဆောက်ခြင်း၊ တာမိုင် (၁၁/၆ + ၆၀၀’) မှ (၁၁/၆ + ၆၅၀’) အတွင်း Steel Cable Groyne (သံမဏိကြိုးအသုံးပြု ရေစီး ထိန်းလုပ်ငန်း)ဆောင်ရွက်ခြင်း၊ မြစ်ကမ်းထိန်းလုပ်ငန်းဖြစ်သည့် porcupine ချထားခြင်း လုပ်ငန်းများကိုနယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍လူအင်အား၊ စက်ယန္တရားများ ဖြင့်အင်တိုက်အားတိုက် အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက် ကျေးရွာများ အတွင်းရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာ အချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော် နှင့် ကျောင်းကုန်း မြို့နယ်များရှိ ရပ်ကွက် ၁၄ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား လျက်ရှိကြောင်းသိရသည်။
အဆိုပါ ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများ အသုံးပြု၍ Geobags သဲအိတ်ကြီးများ ချခြင်း၊ မျောတုတ်တန်းများ အတွင်း သဲအိတ်များ ဖြည့်၍ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်းစသည့် ငဝန်ပန်းတာတမံ နိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်းများကိုလူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ရွာ၊ ရပ်ကွက်များရှိဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နှုန်းများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်း အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့် ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက် ပေးခြင်းနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသတင်းရရှိသည်။



