တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးစေသော အကြမ်းဖက်လုပ်ရပ်များကိုစက်ဆုပ်ရွံရှာခြင်း၊ အေးချမ်းစွာနေထိုင်လုပ်ကိုင် စားသောက်လိုခြင်း၊ အေးချမ်းစွာပညာသင်ကြားလိုခြင်း၊ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်

Monday, September 14, 2026 - 14:45

 

တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးစေသော အကြမ်းဖက်လုပ်ရပ်များကိုစက်ဆုပ်ရွံရှာခြင်း၊ အေးချမ်းစွာနေထိုင်လုပ်ကိုင် စားသောက်လိုခြင်း၊ အေးချမ်းစွာပညာသင်ကြားလိုခြင်း၊ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံလာခြင်းတို့ကြောင့်  PDF အမည်ခံအဖွဲ့ဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လျက်ရှိ

 

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ -၁၄

 

          တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးစေသော အကြမ်းဖက်လုပ်ရပ်များကိုစက်ဆုပ်ရွံရှာခြင်း၊ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက် လိုခြင်း၊ အေးချမ်းစွာပညာသင်ကြားလိုခြင်း၊နိုင်ငံတော်အစိုးရ အနေဖြင့်ဥပဒေပြဌာန်း ၍ လက်ကမ်းကြိုဆိုခဲ့မှုကြောင့် ဥပဒေ၏အရိပ်အောက်တွင် မိသားစုနှင့်အတူ ပေါင်းစည်းကာ လွတ်လပ်‌စွာနေထိုင်လုပ်ကိုင်လိုခြင်း၊ ဥပဒေဘောင်အတွင်း ဝင်ရောက် ရာတွင်လည်း လုံခြုံမှုရှိစွာဖြင့် ပြည်သူလူထုအတွင်း လွတ်လပ်စွာ နေထိုင်လုပ်ကိုင်ခွင့် ရရှိအောင်  သက်ဆိုင်ရာတာဝန်ရှိသူများက စီမံဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာခြင်း တို့ကြောင့် PDF အမည်ခံအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များသည် လက်နက်၊ ခဲယမ်းများနှင့်အတူ  ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လျက်ရှိကြသည်။

          ထို့အပြင် တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ် တစ်စိုက် အလေးထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter – Terrorism Operation) များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီး တိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဆက်သွယ်ရေးလမ်းကြောင်းများအား အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာ အားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်း များကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာနယ်မြေခံ တပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

          ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည် ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ် အသီးသီး၌  စနစ်တကျ ကြိုဆိုလက်ခံခဲ့ကြပြီး အလင်းဝင်ရောက် လာသူများအား တာဝန်ရှိသူများက တရားဥပဒေ ပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့နှင့်အတူပါရှိလာသည့် လက်နက်/ခဲယမ်းများအတွက် ထိုက်တန်သည့် ဆုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်၍ မိဘအုပ်ထိန်း သူများထံ စနစ်တကျပြန်လည်လွှဲပြောင်း အပ်နှံခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။

          ထိုသို့ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် သဘော ထားအမှန်ကို သဘောပေါက်နားလည်ပြီး ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာမှုအနေဖြင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တွင် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၆ ဦး၊ လက်နက်မျိုးစုံ ၂၂ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၁၃၄ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၃၇ ဦး၊ လက်နက်မျိုးစုံ ၄၄ လက်နှင့် ဆက်စပ် ပစ္စည်းများဖြင့်လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၆၉၀ ဦး၊ အမျိုးသမီး ၂၀၄ ဦး၊ စုစုပေါင်း ၈၉၄ ဦး၊ လက်နက်မျိုးစုံ ၁၁ လက်နှင့် ဆက်စပ်ပစ္စည်း များဖြင့်လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင်အမျိုးသား ၂၉၆ ဦး၊ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၃၂၅ ဦး၊ လက်နက်မျိုးစုံ ၉၀ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၄ ဦး၊ လက်နက်ငယ် ၁ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၁၃ ဦး၊ လက်နက်မျိုးစုံ ၁၁ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၁၄၉ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၅၄ ဦး၊ လက်နက်မျိုးစုံ ၄၈ လက်နှင့် ဆက်စပ် ပစ္စည်းများဖြင့်လည်းကောင်း၊ ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၆၉ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၈၀ ဦး၊ လက်နက်မျိုးစုံ ၂၇ လက်နှင့် ဆက်စပ်ပစ္စည်း များဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၁၇၀ ဦး၊ အမျိုးသမီး ၂၈ ဦး၊ စုစုပေါင်း ၁၉၈ ဦး၊ လက်နက်ငယ် ၁ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၁၄၇ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၅၂ ဦး၊ လက်နက်မျိုးစုံ ၃၅ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၁၂ ဦး၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၅၃၂ ဦး၊ အမျိုးသမီး ၄၈ ဦး၊ စုစုပေါင်း ၅၈၀ ဦး၊ လက်နက်မျိုးစုံ ၁၃၃ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၂၆၄၅ ဦး၊ အမျိုးသမီး ၂၈၁ ဦး၊ စုစုပေါင်း ၂၉၂၆ ဦး၊ လက်နက်မျိုးစုံ ၂၂၉ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် အမျိုးသား ၁၅၂ ဦး၊ အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၁၇၁ ဦး၊ လက်နက်မျိုးစုံ ၆၀ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း ဝင်ရောက်လာ ခဲ့ပြီး ဥပဒေဘောင်အတွင်းဝင်ရောက်လာမှုအနေဖြင့် အမျိုးသား ၅၀၃၆ ဦးနှင့် အမျိုးသမီး ၆၃၆ ဦး ၊ စုစုပေါင်း ၅၆၇၂ ဦး ဖြစ်ပြီး လက်နက်မျိုးစုံ ၆၉၂ လက် ဖြစ်ကြောင်း သိရှိရသည်။

           အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံ အဖွဲ့ဝင်များသည် CRPH၊ NUG အကြမ်းဖက်အဖွဲ့များ၏ ၎င်းတို့ကိုယ်တိုင်ဖန်တီးခဲ့ သော နိုင်ငံရေးဖြစ်စဉ်ကို အသုံးချ၍ ယုတ်မာစွာဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ သွေးဆောင်စည်းရုံးမှု၊ ငွေကြေးဆိုင်ရာမက်လုံးပေးမှုများနှင့် ခြိမ်းခြောက်အကြပ်ကိုင်မှု များကြောင့် PDF အကြမ်းဖက်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့တို့ ထံ ဝင်ရောက်ခဲ့ရပြီး အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူ များနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ နိုင်ငံရေးကို ကြွေးကြော်၍ လက်နက်ကိုင်ဆောင်ခဲ့သော်လည်း ကိုယ်တိုင်အကြမ်းဖက်သမားဘဝ ကိုရောက်ရှိနေကြောင်း သိမြင်လာခြင်း၊ ၎င်းအဖွဲ့များ အတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်း၊  အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် ၎င်းတို့ ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်း၊ နိုင်ငံတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

          ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး နိုင်ငံတော်အစိုးရ၊ တပ်မ တော်တို့နှင့် လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်လိုသည့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်း ပေးပို့ကြရန်နှင့် ထိုသို့ဆက်သွယ်သတင်းပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာပေးအပ်ချီးမြှင့်လျက်ရှိသည်။

          ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကို လည်း ယခုကဲ့သို့ကြားသိရပါသည်-

 

ကျွန်တော်ကတော့ PDF ထဲကို ၂၀၂၄ခုနှစ်၊ ၁၂ လပိုင်းလောက်မှာ စတင် ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော် PDF ထဲရောက်ရောက်ခြင်း အခြေခံသင်တန်း ၄လ နဲ့ အထူးကွန်မန်ဒိုသင်တန်း ၄လကို တက်ရောက်ခဲ့ပါတယ်။ သင်တန်းဆင်းပြီးတဲ့ နောက်ပိုင်းမှာ တပ်စိတ်မှူး ဖြစ်ခဲ့ပါတယ်။ တပ်စိတ်မှူးအဖြစ်နဲ့ KNU တပ်မဟာနဲ့ပူးပေါင်းပြီး နေထိုင်ရပါတယ်။ ကျွန်တော်တို့နေထိုင်တဲ့နေရာကတော့ ပုလောနယ်တစ်ခွင်မှာ လှုပ်ရှား သွားလာရပါတယ်။ သူတို့တွေက ကျွန်တော်တို့ PDF တွေကို ခွဲခြားဆက်ဆံပါတယ်။ အလုပ်ကြမ်းတွေ လုပ်ခိုင်းတယ်။ နှိမ်တယ်။ အသက်အန္တရာယ်ရှိတဲ့ အလုပ်တွေကို ကျွန်တော်တို့တွေက လုပ်ခဲ့ရပါတယ်။ စစ်တိုက်တဲ့ နေရာမှာဆိုရင်လည်း ကျွန်တော်တို့ PDF တွေကပဲ အဓိက လုပ်ကိုင်ရပါတယ်။ သူတို့တွေက စကားပြောစက်တွေနဲ့ အမိန့်ပေးပြီး အနောက်မှာ နေတာ များပါတယ်။ တချို့ဆိုရင် ဂိတ်ကြေးတွေ ကောက်တယ်။ ဆက်ကြေးတွေ ကောက်တယ်။ တချို့တွေဆိုရင်လည်း ထိုင်းထဲမှာ ကိုယ်ပိုင်အိမ်တွေတောင် ဝယ်ထားကြပါတယ်။ တချို့ခေါင်းဆောင်တွေကတော့ စီးပွားရေးသမားတွေ များလာတာကို သိရှိလာရပါတယ်။ ကျွန်တော်တို့တွေကတော့ တောထဲမှာ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ ဒုက္ခခံပြီးတော့နေရတာ များပါတယ်။ ဘယ်နေ့သေမလဲဆိုပြီး တွေးပြီးတော့နေရတာ များပါတယ်။ အမြဲတမ်း ကြောက်လန့်တဲ့ စိတ်တွေနဲ့ နေရတာလည်းများပါတယ်။ ကျွန်တော် ထွက်ပြေးဖို့ ကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ အခုမှပဲလွတ်မြောက်လာခြင်း ဖြစ်ပါတယ်။ ကျွန်တော်အခွင့်အရေးသာတဲ့အချိန်မှာ တပ်ခွဲမှူးရဲ့သေနတ်ကို ခိုးယူပြီးတော့ တပ်မတော် ဘက်ကို အလင်းဝင်လိုက်ပါတယ်။ အခုလိုအလင်းဝင်လိုက်ပြီး နောက်ပိုင်းမှာကျွန်တော် ကောင်းကောင်းမွန်မွန် နေထိုင်ရတယ်။ ကောင်းကောင်းမွန်မွန် စားသောက်ရတယ်။ လူငယ်တစ်ယောက်ရဲ့ ဘဝပျော်ရွှင်မှုခံစားခွင့်တွေကိုလည်း ပြန်လည်ရရှိပါတယ်။ အဲဒီအတွက် ကျွန်တော်နိုင်ငံတော်နဲ့ တပ်မတော်အပေါ် အထူးကျေးဇူးတင်ပါတယ်။ တောထဲမှာကျန်ရစ်ခဲ့တဲ့ ညီအစ်ကိုမောင်နှမ၊ အပေါင်းအသင်းPDF တွေကိုလည်း အမြန်ဆုံး အလင်းဝင်ပြီး မှန်ကန်တဲ့လမ်းကို ရွေးချယ်ပါလို့ ကျွန်တော် ပြောချင်ပါတယ်။

 

မြင်းခြံ BLACK TIGER မှာ  တာဝန်ထမ်းဆောင်ပါတယ်။ ဖောက်ခွဲရေး ခေါင်းဆောင်ပါ။ ဒီတော်လှန်ရေး စလုပ်ခဲ့တာကတော့ ၁၄နှစ်ကနေ စလုပ်ခဲ့တာပါ။ ပြောရရင် ၂၀၂၂ ခုနှစ်ကနေ စလုပ်ခဲ့တာပါ။ ရောက်ရောက်ချင်းမှာ သင်တန်းဆင်းရပါတယ်။ သင်တန်းဆင်းပြီးတော့ ရှေ့တန်း တန်းသွားရပါတယ်။ ရှေ့တန်းမှာ မြင်းခြံမြောက်ဘက်မှာ မိုင်းခေါင်းဆောင် အနေနဲ့ နေခဲ့ပါတယ်။ တိုက်ပွဲ ပေါင်းစုံနဲ့တိုက်ခဲ့ပါတယ်။ နေရာပေါင်းစုံလည်း သွားခဲ့ရပါတယ်။ နေရာပေါင်းစုံ သွားခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အထက်ဖား အောက်ဖိ များခဲ့ပါတယ်။ ခေါင်းဆောင်တွေ တော်တော်များများကတော့ ဆေးခြောက်၊  WY ဆေး ချပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မလုပ်ခဲ့ပါဘူး။ တော်တော်များများ အကုန်လုံးက မူးယစ်ဆေးဝါးတွေ သုံးစွဲပါတယ်။ ပြောရရင် ရဲဘော်တွေပဲ အောက်မှာနေပြီးတော့ ဘာမှပဲ မရဘဲနဲ့ လုပ်ကိုင်နေရပါတယ်။ တပ်မတော်က တိုက်ခိုက်မှု လာပြီဆိုလည်း သူတို့ကားတွေ မောင်းပြီး သူတို့ ခေါင်းဆောင်တွေက ပြေးပါတယ်။ ရဲဘော်တွေ သေသေကျေကျေ ထားခဲ့ပါတယ်။ သူတို့ လက်နက်တွေ အကုန်လုံး ယူပြီးတော့ ပြေးပါတယ်။ ကျွန်တော် ဒီထဲကို အလင်းဝင်လာတာ သူတို့ ယုတ်မာ ရိုင်းစိုင်း နှိပ်စက်တာတွေကြောင့် ကျွန်တော် အလင်းဝင်လာတာ ဖြစ်ပါတယ်။ ကျွန်တော်ဒီလို အလင်းဝင်လာတဲ့ အချိန်မှာ တပ်မတော်က နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ သူတို့ ပြောတဲ့အတိုင်း သတ်မယ်၊ ဖြတ်မယ်၊ သူတို့ဘက်က ပြောတဲ့အတိုင်း မဟုတ်ပါဘူး။ နောက်လာမယ့် ညီအစ်ကိုတွေလည်း ညီလေးတွေ၊ မောင်နှမတွေ အကုန်လုံးလည်း လာခဲ့ပါလို့ ဖိတ်ခေါ်ပါတယ်။

 

 

ကျွန်မအကြမ်းဖက်အဖွဲ့အစည်းထဲကို စဝင်ခါစက ကျွန်မအသက်က ၁၅နှစ်ပဲ ရှိပါသေးတယ်။ အကြမ်းဖက်အဖွဲ့အစည်းထဲကို ဝင်သွားတဲ့ အကြောင်းရင်းကတော့ အကြမ်းဖက်အဖွဲ့အစည်းက ကျွန်မတို့ရွာကိုလာပြီးတော့ စည်းရုံးရေးဆင်းတယ်။  ဟောပြောပွဲတွေ လုပ်တယ်။ တစ်အိမ်တစ်ယောက် မနေရတဲ့ ပုံစံမျိုးတွေနဲ့ ကောက်ခံတယ်။ သူတို့တစ်အိမ်တစ်ယောက်မှ မလိုက်လို့ရှိရင် မိသားစုတွေကို ဒုက္ခပေးမယ်။ အဖေ၊  အမေတွေကို သတ်ပစ်မယ် ဘာညာနဲ့ ပြောတော့ ကျွန်မတို့လည်း ကြောက်ပြီးတော့ အဲဒီထဲ ကိုဝင်သွားတာ ဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းထဲကိုရောက်တော့ ကျွန်မတို့ စစ်သင်တန်း ၃ လ တက်ရတယ်။ စစ်သင်တန်း ၃ လမှာဆိုရင်လည်း ဆေးဝါး လုံလောက်မှု မရှိဘူး။  အဲဒါကြောင့်မို့လို့ တချို့လူတွေ အဲ့ဒီဒဏ်ကို မခံနိုင်လို့ ထွက်ပြေးတဲ့သူတွေလည်း ရှိတယ်။ ထွက်ပြေးလို့ မိလို့ရှိရင်လည်း သူတို့က သတ်ပစ်တယ်။ ရိုက်နှက်တယ်။ နှိပ်စက်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့လည်း ကြောက်ပြီးတော့ စစ်သင်တန်းကို ကျွန်မတို့ ပြီးဆုံးအောင် တက်ခဲ့တယ်။ စစ်သင်တန်းပြီးတော့ ကျွန်မတို့တွေ ပြည်သူ့ဆက်ဆံရေးမှာ တာဝန်ကျတယ်။ ပြည်သူ့ဆက်ဆံရေးကားလမ်းမကြီးမှာ ဂိတ်ကင်းစောင့်ရတယ်။ အခွန်ကောက်ခံတဲ့ ပုံစံမျိုးနဲ့ သူတို့က ဆက်ကြေးတွေ ကောက်ခံတယ်။ ဆီပေပါတွေဆိုရင် လည်း ထက်ဝက်ဈေးတွေနဲ့ကောက်ခံတယ်။ ဆီပေပါထက်ဝက်ဈေးနဲ့ ကောက်ခံလို့ တချို့ ပြည်သူတွေဆို မပေးနိုင်ဘူး။ မပေးနိုင်တဲ့ ပြည်သူတွေဆိုရင် ဆီပေပါတွေဆွဲချတာတွေ ရှိတယ်။ ပစ္စည်းတွေ ဆွဲယူတာတွေ ရှိတယ်။ အဲဒါကြောင့်မို့ တချို့ ပြည်သူတွေဆိုရင်လည်း သံသယအနေနဲ့ ခေါ်တယ်။ ခေါ်ပြီးတော့ သူတို့တွေက နှိပ်စက်တယ်။ ရိုက်နှက်တယ်။  လက်သည်း၊ ခြေသည်းခွံတွေကို ခွာတယ်။ ခေါင်းတွေကို ရေနွေးပူတွေနဲ့ လောင်းတယ်။ သူတို့ ပြောတာကျ ပြည်သူသာအမိ ပြည်သူသာအဖဆို သူတို့လုပ်နေတာတွေနဲ့ သူတို့ ပြောနေတာတွေက လက်တွေ့မှာတခြားစီပဲ။ ကျွန်တော်တို့ ရဲဘော်တွေဆိုရင်လည်း တန်းတူတန်းတူဆိုပြီး သူတို့အရာရှိတွေကျတော့ KTV သွားတယ်။ မကောင်းတဲ့ မိန်းမတွေနဲ့ ပျော်ပါးတယ်။ သောက်စားတယ်။ Kရှူတယ်။ ရာမတွေသုံးတယ်။ သူတို့တစ်ညတစ်ည သွားပြီဆို ရာချီထောင်ချီကုန်တယ်။ ရဲဘော်တွေဆိုရင်လည်း မိန်းကလေးတွေကို အဓမ္မပြုကျင့်တယ်။ ကျွန်တော့်ကြုံတွေ့ပေါ့ သင်တန်းသူကောင်မလေးကို ညကြီး အချိန်မတော် စကားပြောချင်တယ်ဆိုပြီး ခေါ်ပြီးတော့ ကောင်မလေးကို အဓမ္မပြုကျင့်တယ်။ ကောင်မလေးကိုလည်း ဘာတာဝန်မှမယူဘဲနဲ့ ကောင်မလေးကိုကျ နယ်ကိုပြန်ပို့တယ်။ ကောင်လေးကိုကျတော့လည်း ဘာပြစ်မှုပြစ်ဒဏ်မှမပေးဘဲနဲ့ ဒီအတိုင်းထားတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့လည်း အဲဒီထဲမှာ နေရတာ ကျွန်တော်တို့ကိုယ်တိုင် မလုံခြုံဘူးလို့ ထင်တယ်။ ကျွန်တော်တို့လည်း အဲဒီကျွန်တော်တို့ ဘဝကို ဒီထဲမှာနေပြီး အဆုံးရှုံးမခံနိုင်တာ အဲဒါကြောင့်မို့ ကျွန်တော်တို့ ထွက်ပြေးခဲ့တယ်။ ထွက်ပြေးပြီးတော့ ကျွန်တော် အလင်းဝင်ဖို့ ကြိုးစားတယ်။ သူတို့ကကျွန်တော်တို့ကို နားရိုက်သွင်းခဲ့တယ်။ နင်တို့အဲဒီ တပ်မတော်ဘက်ကို အလင်းဝင်လို့ရှိရင် နင်တို့တွေ မိန်းကလေးတွေဆိုရင်လည်း အဓမ္မပြုကျင့်မှာ၊ ယောက်ျားလေးတွေဆိုရင်လည်း အသက် ၁၈ နှစ်ပြည့်ရင် စစ်မှုထမ်းခေါ်မှာ ဘာညာနဲ့ ကျွန်တော်တို့ကို ပြောတော့ ကြောက်တော့ ရှေ့မှာ အလင်းဝင်တဲ့ သူငယ်ချင်းကို မေးတယ်။ သူငယ်ချင်း အားလုံးအဆင်ပြေလား။ သူငယ်ချင်းကအဆင်ပြေတယ်။ ဘာမှ စိတ်မပူနဲ့ တပ်မတော်ဘက်ကလည်း နင်တို့ကို နွေးနွေးထွေးထွေး ကြိုဆိုနေတယ်။ ကျွန်တော်တို့လည်း ဒီကရှိတဲ့ တာဝန်ရှိတဲ့ ဗိုလ်ကြီးတွေနဲ့ ဆက်သွယ်ပြီးတော့မှ ကျွန်တော်တို့ ဒီမှာ အလင်းဝင်ခဲ့တယ်။ ကျွန်တော်တို့ ဒီမှာ ရောက်တော့လည်း အားလုံး နွေးနွေးထွေးထွေး ကြိုဆိုတယ်။ ကျွန်တော်တို့ကိုလည်း အစစအရာရာ လုပ်ပေးတယ်။ သူတို့ နေသလို နေရတယ်၊ သူတို့ စားသလို စားရတယ်၊ ကျွန်တော်တို့ အမှောင်ထဲကနေ အလင်းကို ပြန်ဝင်လာတာ ကျွန်တော်တို့ အရမ်းကိုမှန်တယ်။ အဲဒါကြောင့်မို့လို့ ဟိုမှာ ရှိခဲ့တဲ့ သူငယ်ချင်း ညီကိုမောင်နှမတွေကိုလည်း အဲဒီထဲမှာနေပြီး ကိုယ့်ဘဝကို အနစ်မွန်းမခံပါနဲ့၊ တပ်မတော်ဘက်ကို လာပြီး အလင်းဝင်ပါ။ ကျွန်တော်တို့က ဒီကနေ အလင်းဝင်ပြီး ပြန်လို့ရှိရင်လည်း ကိုယ့်မိဘ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ကောင်းကောင်းမွန်မွန်နဲ့ နေထိုင်ပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ လုပ်ကိုင်စားပြီးတော့ ကျွန်တော်တို့လည်း နောက်နောင် ဒီလို အမှားမျိုးကို မကျူးလွန်တော့ပါဘူးလို့ ကတိသစ္စာ ပြုပါတယ်။

.

.