တရားမဝင် Online လောင်းကစားဂိမ်း ဦးဆောင်လုပ်ကိုင်သူ (Senior Agent) များအား ဖော်ထုတ်ဖမ်းဆီး အရေးယူမှုသတင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်

Wednesday, September 16, 2026 - 14:15

 

တရားမဝင် Online လောင်းကစားဂိမ်း ဦးဆောင်လုပ်ကိုင်သူ (Senior Agent)များအား ဖော်ထုတ်ဖမ်းဆီး အရေးယူမှုသတင်း

 

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်

 

              နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းစီးပွားရေးတည်ငြိမ်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ အချို့သောဝိသမ လောဘသားများသည် Online အခြေပြုလောင်းကစား Website များတည်ထောင်၍ လူမှုကွန်ရက် များပေါ်တွင် ကြော်ငြာခြင်း၊ Online လောင်းကစားဂိမ်းကစားနိုင်ရန် တရားမဝင် ဝန်ဆောင်မှု ပေးခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူအချို့အနေဖြင့် ဝင်ရောက်ကစားလျက်ရှိ သည်ကို တွေ့ရှိရပါသည်။ ထိုသို့ လောင်းကစားဂိမ်းများ ကစားခြင်းကြောင့် ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပြီး အကျင့်စာရိတ္တပျက်ပြားခြင်း၊ နောက်ဆက်တွဲ ဒုစရိုက်မှုများကျူးလွန်ခြင်းနှင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းများ ဖြစ်ပွားသည်အထိ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာ လျက်ရှိကြောင်း တွေ့ရှိရပါသည်။

              Online လောင်းကစားဂိမ်းများအား ပြည်သူအများ ပိုမိုကစားလာစေရန်အတွက် Agent Level များ အဆင့်ဆင့်သတ်မှတ်ထားရှိ၍ ဦးစီးဆောင်ရွက်ခြင်း၊ ဆွဲဆောင်စည်းရုံးခြင်းနှင့် လောင်းကစား ကွန်ရက်ကျယ်ပြန့်လာအောင် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် အဓိက ဦးစီးဆောင်ရွက်သူ Level မြင့် Agent များအား ဖမ်းဆီးရမိရေး အလေးထားဆောင်ရွက်ခဲ့ရာ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်တွင် Ibet 789 Online လောင်းကစားဂိမ်း Senior Agent ဖြိုးသိင်္ဂီ အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ကိုင်ဖုန်း ၂ လုံးဖြင့်လည်းကောင်း၊ Senior Agent နှင်းဝတ်ရည်ကျော် အပါအဝင် တရားခံ ၃ ဦး အား မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)၊ အိမ်အမှတ်(၆၇၀) ၌ လက်ကိုင်ဖုန်း ၈ လုံး၊ Laptop ၁ လုံး၊ Tablet ၁ လုံး၊ မော်တော်ယာဉ် ၁ စီး တို့ဖြင့်လည်းကောင်း၊ စက်တင်ဘာလ ၄ ရက်တွင် Online လောင်းကစားဂိမ်း Senior Agent ကျော်စိုးလင်း အား လှိုင်သာယာမြို့နယ်၊ ရေအုပ်ကန် ရပ်ကွက်ရှိ Mandarin Hotel ၌ လက်ကိုင်ဖုန်း ၂ လုံး၊ မော်တော်ယာဉ် ၂ စီး တို့ဖြင့်လည်းကောင်း၊ Online လောင်းကစားဂိမ်း Senior Agent ယဉ်ယဉ်နု အား သာကေတမြို့နယ်၊ အနော်မာ(၁) ရပ်ကွက်၊ လမ်းသစ် (၁)လမ်း၊ အမှတ် (၆၆/က)၌ လက်ကိုင်ဖုန်း ၁ လုံးဖြင့်လည်းကောင်း အသီးသီးဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါသည်။

              ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ Senior Agent ဖြိုးသိင်္ဂီ သည် ၂၀၂၃ ခုနှစ်မှ စ၍  Ibet 789 ၊ 555 Mix ၊ Sports Xzone Website များတွင် Online လောင်းကစား Agent အဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ Senior Agent နှင်းဝတ်ရည်ကျော် သည် ၂၀၂၂ ခုနှစ်မှစ၍ Ibet 789 Website တွင် Online လောင်းကစား Agent အဖြစ် လုပ်ကိုင်ခဲ့ပြီး ကောင်းခန့်ညီ၊ ချစ်နှင်းဝေနှင့် ဇင်ငြိမ်းသူ တို့သည် နှင်းဝတ်ရည်ကျော်၏ လက်အောက်တွင် ကူညီလုပ်ကိုင်ခဲ့ကြောင်း၊ Online လောင်းကစား Senior Agent ကျော်စိုးလင်း သည် ၂၀၂၁ ခုနှစ်မှစ၍ Ibet 789 Website တွင် Online လောင်းကစား Agent အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး  ၂၀၂၄ ခုနှစ်တွင် Sport 899 နှင့် 555 Mix လောင်းကစားဂိမ်းများ အား ထပ်မံတိုးချဲ့ လုပ်ကိုင်ခဲ့ကြောင်း၊ ၎င်း၏ဇနီးဖြစ်သူ ယဉ်ယဉ်နု သည်လည်း ၂၀၂၃ ခုနှစ်မှစ၍ Online လောင်းကစား Senior Agent  အဖြစ် လုပ်ကိုင်ခဲ့ကြောင်း စိစစ်သိရှိရပါသည်။

              ဖြစ်စဉ်တွင် Online လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ တရားခံ အမျိုးသား ၂ ဦး၊ အမျိုး သမီး ၅ ဦး စုစုပေါင်း ၇ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ Online လောင်းကစားဂိမ်း Agent ဆောင်ရွက်ရာတွင်  အသုံးပြုသည့် လက်ကိုင်ဖုန်း ၁၃ လုံး၊ laptop ၁ လုံး ၊ Tablet ၁ လုံး၊ မော်တော် ယာဉ် ၃ စီးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် အမှုဖွင့်လှစ်၍ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ Online လောင်းကစား Agent အဖြစ် ဦးစီးဆောင်ရွက်နေသူများကို လည်း ဆက်လက်ဖော်ထုတ်ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့် Online လောင်းကစား Agent အဖြစ် ဆောင်ရွက်နေသူများအား သိရှိပါက သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းများထံသို့  လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။