ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် စက်တင်ဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
နိုင်ငံတကာ ပြည်ပခရီးစဉ်များ အတွေ့အကြုံများမှတစ်ဆင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အတုယူသင့်သည်များကို အတုယူ၍အကောင်အထည်ဖော်ဆောင်သွားကြရန်
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မကြာမီရက်များအတွင်းက ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သို့ နိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့အနေဖြင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်သက်ဝင်ယုံကြည်မှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများတူညီမှုရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်ရာတွင်လည်း အခက်အခဲများစွာကိုကြုံတွေ့ကျော်ဖြတ်ခဲ့ကြရကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် စစ်ပွဲဒဏ်နှင့်အရေးယူပိတ်ဆို့ကန့်သတ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့်ကြားမှ ဒွိုင်မွိုင်း(Doi Moi)စီးပွားရေးပြုပြင်ပြောင်းလဲမှု မူဝါဒကို နှစ်ပေါင်း ၄၀ ခန့်အကောင်အထည်ဖော်ပြီးနောက် စီးပွားရေးနှင့်ပတ်သက်၍အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်ကိုတွေ့မြင်ရကြောင်း၊ ၎င်းတို့အနေဖြင့် မဟာ ဗျူဟာမြောက်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်(၂)ရပ်ကို ချမှတ်ထားရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ခေတ်မီစက်မှုလုပ်ငန်းများနှင့် အထက်တန်း-အလယ်အလတ်ဝင်ငွေရှိသော ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်လာစေရန်နှင့် ၂၀၄၅ ခုနှစ်တွင် ဝင်ငွေမြင့်မားသော ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာစေရန် ရည်မှန်းထားဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း။
ဗီယက်နမ်ပြည်သူများအနေဖြင့် အခက်အခဲများ၊ ပိတ်ဆို့မှုများကြားမှ နိုင်ငံချစ်စိတ်၊ အမျိုးကိုမြှင့်တင်လိုစိတ်များဖြင့် အမှန်တကယ်ကြိုးပမ်းအားထုတ် အလုပ်လုပ်ခဲ့မှုများကြောင့် တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်ကို မိမိတို့အနေဖြင့်အတုယူဖွယ်တွေ့မြင်ခဲ့ရကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်းနှင့်ကြိုးစားအားထုတ်မှုရှိခြင်းတို့သည်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေသည်ကို တွေ့မြင်ရကြောင်း၊ ယခုမိမိသွားရောက်ခဲ့သည့်ခရီးစဉ်အတွင်းနှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့်မိတ်ဖက်ဆက်ဆံရေးကို လက်တွေ့ကျကျ ဖွံ့ဖြိုးတိုးတက်လာနိုင်မည့် ဆွေးနွေးမှုရလဒ်ကောင်းများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုအဓိကထားပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိကြောင်း။
ဗီယက်နမ်နိုင်ငံကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံသည်လည်း အခက်အခဲပေါင်းများစွာကြားမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအားထုတ်ခဲ့ရပြီး ယခုအခါဖွံ့ဖြိုးတိုးတက်လာသည်ကိုတွေ့ရှိရကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံ၍ နိုင်ငံစီးပွားရေးကိုဆောင်ရွက်သည့်နိုင်ငံတစ်ခုဖြစ်ပြီး စပါးစိုက်ပျိုး၍ ပြည်ပသို့တင်ပို့လျက်ရှိသကဲ့သို့ ငရုတ်ကောင်းနှင့်သီဟိုဠ်စေ့များကိုလည်းစီးပွားဖြစ်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ယခုအခါကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရတည်ငြိမ်အေးချမ်းမှုရှိခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်နိုင်သည်ကို လေ့လာတွေ့ရှိရကြောင်း၊ မိမိအနေဖြင့် သမိုင်းဝင် UNESCO စာရင်းဝင် အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အန်ကောဝပ်ဘုရားကျောင်းတော်နှင့်ဘေရွန်ဘုရားကျောင်းတော်သို့လည်း သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ရှေးဟောင်းသမိုင်းဝင်နေရာများကို စနစ်တကျထိန်းသိမ်းထားရှိပြီး ပြည်ပခရီးသွားများကိုဆွဲဆောင်နိုင်သဖြင့် နိုင်ငံ၏ခရီးသွားလုပ်ငန်းအတွက်များစွာ အကျိုးဖြစ်ထွန်းပြီး နိုင်ငံခြားဝင်ငွေရရှိအောင်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိခဲ့ရကြောင်း။
ခရီးစဉ်များသွားရောက်ခဲ့စဉ် ဖွံ့ဖြိုးတိုးတက်မှုရရှိခြင်း၏ အဓိကအကြောင်းရင်းသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိခြင်းပင်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှလုံးလုံခြုံအေးချမ်းစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးကတည်းကပင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် အစိုးရအဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်သည့် စွမ်းရည်၊ စွမ်းအားရှိသော လူ့စွမ်းအားအရင်းအမြစ်များ၊ နိုင်ငံစီးပွားရေးနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် လမ်း၊ တံတားနှင့်အခြေခံအဆောက်အဦများကို အကြမ်းဖက်သမားများက ခေတ်အဆက်ဆက် နည်းလမ်းပေါင်းစုံဖြင့် ယနေ့ထက်တိုင်နှောင့်ယှက်ဖျက်ဆီးခဲ့ကြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ခေတ်အဆက်ဆက် နိုင်ငံတည်ဆောက်ရေးတွင် “သမင် မွေးရင်း ကျားစားရင်း” ဆိုသကဲ့သို့ဖြစ်နေပြီး နိုင်ငံအတွက်ကြီးမားသည့် သမိုင်းသင်ခန်းစာတစ်ခုကဲ့သို့ဖြစ်နေရကြောင်း။
၎င်းတို့ဖျက်ဆီးခဲ့ကြသည့် အခြေခံအဆောက်အဦများနှင့်ဆုံးရှုံးခဲ့ရသည့် လူသားအရင်းအမြစ်များကို ပြန်လည်တည်ဆောက်မွေးထုတ်နေရခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခြင်းမရှိသည်မှာ နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် ကြီးစွာသောထိခိုက်နစ်နာ ဆုံးရှုံးနေရမှုပင်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲမှ တစ်ဆင့်ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရတို့ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဟူသည့် ဦးစား ပေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏လူမှုစီးပွားဘဝများ သည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် နိုင်ငံတော်တွင် အတူတကွမှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိရေးအတွက်လည်း နိုင်ငံတော်အစိုးရနှင့်တပ်မတော်မှအမြဲတမ်းတံခါးဖွင့်ဖိတ်ခေါ်ကြိုဆိုလျက်ရှိသဖြင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲအောင်မြင်မှုရရှိရေးအတွက်လည်း ဖြစ်နိုင်သည်များကို တောင်းဆိုခြင်း၊ မဖြစ်နိုင်သည်များကို ညှိနှိုင်းခြင်းတို့ဖြင့် နိုင်ငံ့အကျိုးကိုကြည့်၍ ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်း၊ ပြည်ပခရီးစဉ်များသွားရောက်မှုများမှ ရရှိခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးစသည်တို့အပါအဝင် နယ်ပယ်ပေါင်းစုံမှတွေ့မြင်လေ့လာသိရှိခဲ့ရသည့် အတွေ့အကြုံကောင်းများကို သင်ခန်းစာယူ၍ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည်များကို အတုယူဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မြေအသုံးချမှုများနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် နိုင်ငံတော်တွင်ရှိပြီးဖြစ်သည့် မြေသယံဇာတများကို စနစ်တကျဖြင့် အမှန်တကယ်အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားဆောင်ရွက်ကြသည့် ပြည်ပနိုင်ငံများ၏ မြေကို အကျိုးရှိရှိထိထိရောက်ရောက် အမှန်တကယ်အသုံးချမှုထားကြသည်များကို အတုယူလေ့လာဆောင်ရွက်ကြရန်လိုကြောင်း၊ ၎င်းတို့၏စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်တင်ပို့ရောင်းချမှုများနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့်အတုယူကြရမည်ဖြစ်ပြီး ကုန်ကြမ်းအတိုင်းပြည်ပသို့တင်ပို့ရောင်းချခြင်းထက် ပြည်တွင်း၌ပင် ကုန် ချောအဖြစ်ထုတ်လုပ်၍ အဆင့်မြင့်ထုတ်ကုန်ပစ္စည်းများကိုပြည်ပသို့ တင်ပို့ရောင်းချသွားနိုင် ကြရန်လိုကြောင်း၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးနှင့်မှန်ကန်သည့် သတ်မှတ်ဈေးနှုန်းရရှိရေးအတွက်လည်း အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များဖြစ်ရန်လိုကြောင်း၊ ပြည်ပသို့ တင်ပို့ရောင်းချ နိုင်သည့် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်မှသာ ပြည်ပပို့ကုန်ရရှိမည်ဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှုများကိုအားပေးဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဒေသတွင်းနေထိုင်သည့် ပြည်သူများစားသုံးမှုဖူလုံစေရေး လူဦးရေအချိုးအစားနှင့်ကိုက်ညီသည့် မွေးမြူရေးထုတ်ကုန်များကို စီမံချက်များစနစ်တကျရေးဆွဲပြီး လျာထားစီမံတွက်ချက် မွေးမြူသွားကြရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကောင်းမွန်တိုးတက်လာမှသာ ငွေကြေးလည်ပတ်စီးဆင်းမှုများ ကောင်းမွန်လာပြီး ပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးတက်ကောင်းမွန်ကာ နိုင်ငံ၏စီးပွားရေးသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း။
ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိစဉ် ၎င်းတို့အနေဖြင့် ငရုတ်ကောင်းသီးနှံနှင့်ကော်ဖီသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး ပြည်ပသို့တင်ပို့ကာ နိုင်ငံခြားဝင်ငွေ များစွာရရှိနေသည်ကိုတွေ့မြင်ရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ငရုတ်ကောင်းသီးနှံကိုအောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်သည်ဖြစ်၍ ငရုတ်ကောင်းစိုက်ပျိုးရေးမှ နိုင်ငံခြားဝင်ငွေရရှိရေးဆောင်ရွက်သွားနိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် နေကြာနှင့်နှမ်းကိုလည်းများစွာစိုက်ပျိုးကြပြီး အဆိုပါနေကြာ၊ နှမ်းစိုက်ပျိုးရေးနှင့်အတူ ပျားမွေးမြူခြင်းကို တွဲဖက်ဆောင်ရွက်သွားကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တောင်သူများအတွက် တစ်ဖက် တစ်လမ်းမှ ဝင်ငွေပိုမိုရရှိလာစေနိုင်မည်ဖြစ်ကြောင်း။
အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးနှင့်ပတ်သက်၍ စနစ်ကျနသည့် စံသတ်မှတ်ချက်များရှိရန်လို
ပြည်သူများအလုပ်အကိုင်ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို အစိုးရကဖန်တီးပေးရမည်ဖြစ်ပြီး အဓိကလိုအပ်သည်မှာ အမှန်တကယ်အလုပ်လုပ်ကိုင်လိုစိတ်ရှိခြင်းပင်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းရွေးချယ်ခေါ်ယူခန့်ထားရေး၌ စနစ်ကျနသည့် စံသတ်မှတ်ချက်များရှိရန်လိုပြီး အတန်းပညာအောင်မြင်မှုများအလိုက် သင့်လျော်မှန်ကန်သည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ မိမိတို့အတန်းပညာအလိုက် အလုပ်အကိုင်အခွင့်အလမ်းနှင့်လစာနှုန်းထားများ၊ ရာထူးအဆင့်ဆင့် တိုးမြှင့်နိုင်မှုတို့မှန်ကန်မှသာ မိဘများအနေဖြင့်လည်း မိမိတို့၏သားသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုနှင့်ပတ်သက်၍ ပညာရေးကိုအားပေး လာကြမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် စွမ်းရည်နှင့်စွမ်းအားရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ပညာရပ်များအလိုက်၊ အရည်အသွေးနှင့်အရည်အချင်းအလိုက် မွမ်းမံသင်တန်းများ၊ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးသွားကြ ရန်လိုကြောင်း၊ သို့မှသာ နိုင်ငံအတွက်ကဏ္ဍပေါင်းစုံတွင် လိုအပ်လျက်ရှိသည့် လူသားအရင်းအမြစ်များကို စဉ်ဆက်မပြတ် မွေးထုတ်အကျိုးပြုသွားနိုင်မည်ဖြစ်ကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာ၌ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် ပညာရေးနှင့်ပတ်သက်၍ အစိုးရဗဟိုပြုသည့် ပညာရေးစနစ်ကိုကျင့်သုံးလျက်ရှိကြောင်း၊ ပုဂ္ဂလိကပညာသင်ကြားရေးစနစ်ကိုလည်း မူဝါဒနှင့်အညီဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရကျောင်းများ၌ တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် လူတန်းစားအလွှာမျိုးစုံမှပါဝင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာကျောင်းများတွင်သင်ကြားပေးသည့် အတန်းလိုက်ပညာရပ်များကို အမှန်တကယ်တတ်မြောက်ရန်လိုသကဲ့သို့ အထွေထွေ ဗဟု သုတနှင့်လူမှုဘဝအသိပညာများတိုးတက်ရေးအတွက်ပါ သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ အောင်ချက်ရာခိုင်နှုန်းနှင့်အောင်ချက်မြင့်မားရေးကိုသာအာရုံစိုက်၍ သင်ကြားပေးခြင်းမျိုးမဟုတ်ဘဲ အမှန်တကယ်စာတတ်မြောက်ရေးကို အလေးထားသင်ကြားပေးရန်လိုကြောင်း၊ အစိုးရကျောင်းများတွင် ပညာရေးကိုသာမကပတ်ဝန်းကျင်နှင့်ပေါင်းသင်းဆက်ဆံရေးများအပါအဝင် လောကနီတိကိုပါ သင်ကြားပေးခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကလည်း ကျောင်းသား၊ကျောင်းသူများအမှန်တကယ်စာတတ်မြောက်စေရေးနှင့်ပညာရေး ပတ်ဝန်းကျင်ကောင်းဖြစ်စေရေးဝိုင်းဝန်းကြပ် မတ်အားပေးဆောင်ရွက်သွားရန်လိုကြောင်း။
အဆင့်မြင့်ပညာသင်ကြားရေးနှင့်ပတ်သက်၍လည်း တက္ကသိုလ်များ၌သင်ကြားပေးလျက်ရှိသည့် ပညာရပ်များကိုအမှန်တကယ်တတ်မြောက်ကျွမ်း ကျင်အောင်သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ တက္ကသိုလ်များသည် လေ့လာမှုဖြင့် သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ပညာသင်ယူချိန်တွင် သတ်မှတ်ထားသည့်ပညာသင်နှစ်များအလိုက် သင်ကြားရမည့်သင်ခန်းစာများနှင့်စစ်ဆေးရမည့် စာမေးပွဲများ၊ သုတေသနနှင့်စာတမ်းများကို သတ်မှတ်ချက်များအတိုင်း စနစ်တကျဖြင့် ဆောင်ရွက်မှုရှိ၊ မရှိ တာဝန်ရှိသူများအနေဖြင့် မျက်ခြည်မပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ အဆင့်မြင့်ပညာသင်ကြားမှုများတွင် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်စာတတ်မြောက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများသာမက တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်လည်း စနစ်တကျဖြင့်ကြပ်မတ်စစ်ဆေးဆောင်ရွက်နေရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်း သူလူငယ်များအနေဖြင့် သက်ဆိုင်ရာပညာရပ်များကို အမှန်တကယ်တတ်မြောက်အောင် သင်ကြားသင်ယူရန်လိုအပ်သကဲ့သို့ ဗဟုသုတများရရှိစေမည့် မိမိတို့၏အသက်အရွယ်နှင့် ကိုက်ညီသော စာအုပ်၊ စာစောင်များကိုလည်း စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများအတွက် လိုအပ်သည့် စာကြည့်တိုက်၊ ဗဟုသုတ စာအုပ်၊ စာစောင်များအပါအဝင်လိုအပ်ချက်များကို နိုင်ငံတော်အစိုးရမှ နှစ်စဉ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပုဂ္ဂလိကကျောင်းများကိုလည်း မူဝါဒနှင့်အညီအားပေးလျက်ရှိသကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ယူကြရသည့် အစိုးရပညာသင်ကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။
ကျန်းမာရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့်တိုက်နယ်ဆေးရုံစသည်ဖြင့် ဆေးရုံများအလိုက် လိုအပ်သည့် ကုသရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများ ပြည့်စုံမှုရှိစေရေး လူသားအရင်းအမြစ်များ နှစ်စဉ်လျာထားစီမံလေ့ကျင့်မွေးထုတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ မြှင့်တင်ရေးအတွက်လည်း နိုင်ငံတော်အနေဖြင့်အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ နေထိုင်စားသောက်မှု၊ အုပ်ချုပ်မှုအဆောက်အဦနှင့်လိုအပ်သည်များကိုလည်း နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း။
အုပ်ချုပ်ရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အလိုက်သက်ဆိုင်ရာ ရာထူးတာဝန်များအသီးသီး ခန့်အပ်တာဝန်ပေးထားခြင်းဖြစ်ကြောင်း၊ ခရိုင်အဆင့် တာဝန်ရှိသူများကို အတွေ့အကြုံနှင့်လုပ်သက်အရ ရွေးချယ်တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ထိရောက်သည့်စီမံအုပ်ချုပ်ကွပ်ကဲမှုဖြစ်စေရေး ခရိုင်ဗဟိုပြုအုပ်ချုပ်ရေးစနစ်ဖြင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊ တရားရေးနှင့်ဥပဒေစသည်ဖြင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ခရိုင်အဆင့်မှစနစ်တကျ တာဝန်ယူဆောင်ရွက်သွားကြရန်လိုကြောင်း။
ယခုအခါ ကမ္ဘာနှင့်အဝန်းတွင် ရာသီဥတုဖောက်ပြန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ အယ်လ်နီညိုနှင့် ပတ်သက်၍လည်း ကြိုတင်သတိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်ကိုတွေ့ရှိရပြီး ဂရုပြုကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အပူချိန်လွန်ကဲမှုကြောင့် မြေအောက်ရေလျော့နည်း ကျဆင်းမှုများနှင့် ရေရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် သောက်သုံးရေနှင့်စိုက်ပျိုးရေများအတွက် လိုအပ်သည့်ရေများကို ကြိုတင်စုဆောင်းထားရှိရန်လိုကြောင်း၊ လိုအပ်ပါက မြစ်ချောင်း များတွင် မြေအောက်တမံများပြုလုပ်ပြီး မြေအောက်ရေကို ထိန်းသိမ်းသွားကြရန်နှင့် ကြိုတင်ပြင်ဆင်၍ရသည်များကို ယခုကတည်းကစနစ်တကျဖြင့် စဉ်းစားပြင်ဆင်ဆောင်ရွက်ထားကြရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကြီးမားနေဆဲဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးသည် အလွန်ပင်အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားကဏ္ဍနှင့်ပတ်သက်၍ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့် မူဝါဒနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်လျက်ရှိသကဲ့သို့ အားကစားကဏ္ဍမြှင့်တင်ရေးအတွက်လည်း နိုင်ငံတော်အနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကြာမီ ဒီဇင်ဘာလသို့ ရောက်ရှိတော့မည်ဖြစ်ပြီး အားကစားပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် ရှိပြီးဖြစ်သည့် အားကစားကွင်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စနစ်တကျပြင်ဆင်ထိန်းသိမ်း အသုံးပြုဆောင်ရွက်သွားကြရန်လိုကြောင်း။
အချုပ်အားဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရာတွင် အဓိကအားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး နိုင်ငံစီးပွားရေးအားကောင်းရန် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ကျန်းမာကြံ့ခိုင်ပြီး ပညာတတ် လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ်လေ့ကျင့်မွေးထုတ်အသုံးပြုသွားနိုင်ရန်လည်းလိုအပ်ကြောင်း၊ အမှန်တကယ်အလုပ်လုပ်ကိုင်ကြရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီး အားလုံးကအတူတကွ စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြမည်ဆိုပါက မိမိတို့နိုင်ငံတော်ကြီးမလွဲမသွေဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းဖြင့်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။ မြဝတီ

