ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိ

Sunday, September 13, 2026 - 10:45

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိ

 

နေပြည်တော်၊ စက်တင်ဘာ - ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွား ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ဆီရမ်ရိမြို့၊ Siem Reap Angkor အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာသည်။

နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား  ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး H.E. Mr. PRAK Sophoan နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHENG Manith ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်စိုးမင်း၊ မြန်မာ စစ်သံ(ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ဇော်ဝင်း နှင့် သံရုံး၊ စစ်သံရုံး မိသားစုဝင်များက လေဆိပ်၌ ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထိုသို့ ပို့ဆောင်နှုတ်ဆက်စဉ် ကမ္ဘောဒီးယားအမျိုး သမီးငယ်တစ်ဦးက ဂုဏ်ပြုပန်းစည်း ကမ်း၍လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်လေးများ က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီတို့၏ ဓာတ်ပုံများနှင့် နှစ်နိုင်ငံအလံငယ်များကိုင်ဆောင်ဝှေ့ယမ်း၍ လည်းကောင်း ရင်းနှီးနွေးထွေးစွာ ပို့ဆောင်နှုတ်ဆက်ကြသည်။