ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ စက်တင်ဘာ - ၁၂
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ဖနောင်ပင်မြို့ရှိ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၌ တွေ့ဆုံအမှာ စကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံ အမတ်ကြီး ဦးကျော်စိုးမင်းနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဇော်ဝင်းနှင့် သံရုံး၊ စစ်သံရုံးမိသားစုများက ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ၎င်းနောက် နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးဧည့်သည်တော် မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်သမ္မတက သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားရာ ဦးစွာကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) နှင့် သံရုံး၊ စစ်သံရုံး မိသားစုများ၊ သင်တန်းသားအရာရှိများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် ရှည်လျားကောင်းမွန်ပြီး ယခင်ကတည်းက ချစ်ကြည်ရင်းနှီး သည့် ဆက်ဆံမှုများရှိကြောင်း၊ အလားတူ နှစ်နိုင်ငံ၏သမိုင်းကြောင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် ကိုးကွယ်မှုအစဉ်အလာနှင့် သက်ဝင်ယုံကြည်မှုများတွင်လည်း များစွာတူညီမှုများရှိကြောင်း၊ ခေတ်အဆက်ဆက်တွင် နှစ်နိုင်ငံခေါင်းဆောင်များ အနေဖြင့်လည်း အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများကို တည်ဆောက်ခဲ့ကြကြောင်း၊ အဆိုပါကောင်းမွန်သည့် သမိုင်း အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရန် မိမိအနေဖြင့်ယခုကဲ့သို့ ချစ်ကြည်ရေး ခရီးစဉ်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း။
မိမိတို့နှစ်နိုင်ငံသည် မွန်ခမာမျိုးနွယ်များဖြစ်ကြသည်နှင့်အညီ နှစ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှုများတွင် တူညီမှုရှိကြောင်း၊ စာပေတွင်လည်း မွန်စာပေနှင့် ကမ္ဘောဒီးယားစာပေများ အနည်းငယ်တူညီမှုရှိသည်ကို လေ့လာသိရှိရကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ယဉ်ကျေးမှုဓလေ့ထုံစံများ တူညီသည့်အတွက် အိမ်နီးချင်းနိုင်ငံများ မဟုတ်ကြသော်လည်း ချစ်ကြည်ရင်းနှီးသော၊ ကောင်းမွန်သော ဆက်ဆံရေးရှိသည့် နိုင်ငံများဖြစ်ကြကြောင်း။
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အဓိက ဆောင်ရွက်လျက်ရှိသကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံတွင်လည်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိသည်ကိုလေ့လာတွေ့ရှိရကြောင်း၊ မိမိတို့ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်လာစေရေး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံပညာကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာမှသာ နိုင်ငံအတွက်လိုအပ်သည့် ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ပြီး ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပပို့ကုန်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာနိုင်ငံအတွင်း ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာပြီး နိုင်ငံ၏ GDP များတိုးတက်လာမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်း ကစားမှုများပပျောက်စေရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိ သကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်လည်း အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံအတွက် လိုအပ်သည့် ပြည်ပဝင်ငွေများကို ရှာဖွေရာတွင် နိုင်ငံအတွက် အကျိုးပြုမည့်လုပ်ငန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့တိုင်းပြည်၊ မိမိတို့လူမျိုးများ ထိခိုက်ပျက်စီးနိုင်သည့် နည်းလမ်းများကို အသုံးမပြုရန်လိုကြောင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုများသည် အချို့မှာခြိမ်းခြောက်အကြပ်ကိုင်မှုများကြောင့် လုပ်ကိုင်နေရခြင်းဖြစ်သော်လည်း အချို့သောသူများမှာ ၎င်းတို့၏စိတ်ဆန္ဒဖြင့် ပါဝင်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလောင်း ကစားမှုများပြုလုပ်ပြီး ဖမ်းဆီးရမိခဲ့သော ပြည်ပနိုင်ငံသားများအား ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက် နိုင်ရေးသက်ဆိုင်ရာ နိုင်ငံများသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခဲ့သကဲ့သို့ မိမိတို့နိုင်ငံသား များကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း။
ပြည်ပနိုင်ငံသို့ရောက်ရှိနေသည့် သံတမန်များနှင့် ပညာတော်သင် သင်တန်းသားများအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းအမှန်များနှင့် လက်ရှိဖြစ်ပေါ်နေ သည့်အခြေအနေမှန်များကိုလည်း မျက်ခြည်မပြတ် လေ့လာသိရှိနေရန်လိုကြောင်း၊ အလားတူ မိမိတို့ရောက်ရှိတာဝန်ထမ်းဆောင် နေသည့်နိုင်ငံ၏ သမိုင်းကြောင်း ဆိုင်ရာများနှင့် မျက်မှောက်ကာလဖွံ့ဖြိုးတိုးတက်လာမှုများ၊ မိမိတို့နိုင်ငံနှင့် ဆက်ဆံ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို စဉ်ဆက်မပြတ်လေ့လာသုံးသပ်ပြီး နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရေး ဆောင်ရွက်တစ်ဖက် တစ်လမ်းမှဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ဘာသာစကားနှင့်ပတ်သက်၍ မိမိတို့ပြည်ပတွင်ရောက်ရှိ ပညာသင်ကြားနေချိန် နှင့် တာဝန်ထမ်းဆောင်နေချိန်များတွင် အားလပ်ချိန်များ၌ ရောက်ရှိနေသည့်နိုင်ငံ၏ ဘာသာစာပေများကို အမြဲမပြတ်လေ့လာဆည်းပူးနေကြရန်လိုကြောင်း၊ ထိုသို့ဘာသာ စာပေများလေ့လာတတ်မြောက်ထားခြင်းသည် တစ်ချိန်ချိန်တွင် မိမိတို့အတွက် မလွဲမသွေအကျိုး ရှိလာနိုင်မည်ဖြစ်ကြောင်း၊ ဘာသာစကားတတ်ကျွမ်းမှုမှတစ်ဆင့် မိမိတို့ဆက်ဆံဆောင်ရွက်ရသည့် နိုင်ငံများနှင့် ရင်းနှီးမှုများရရှိလာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု တိုးတက်စေမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိူးဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိ နေကြသည့် မြန်မာနိုင်ငံသားများကိုလည်း ဥပဒေနှင့်အညီ ကူညီစောင့်ရှောက် ပေးကြရန်လိုကြောင်း၊ အလားတူမိမိတို့အချင်းချင်းချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး နေထိုင်ကြရန် လည်းမှာကြာလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ က သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် ပညာတော်သင် သင်တန်းသားများက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံသံရုံး အဆောက်အအုံသစ် တည်ဆောက်မည့်မြေနေရာကိုသွားရောက် ကြည့်ရှုစစ်ဆေးပြီး သံအမတ်ကြီး၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


