ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖနောင်ပင်မြို့ရှိ၊ Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ ကမ္ဘောဒီးယားနိုင်ငံ သံဃာအဓိပတိ ဆရာတော်အား ဖူးမြော်ကြည်ညို
နေပြည်တော်၊ စက်တင်ဘာ - ၁၂
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ ကမ္ဘော ဒီးယားနိုင်ငံ သံဃာအဓိပတိ ဆရာတော် Samdech Preah Abhisiri Sugandha Mohasangharajah Dhipiti BOUR KRY အားသွားရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် Preah Sihamoniraja ဗုဒ္ဓ တက္ကသိုလ်သို့ ရောက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်လေးများနှင့် တာဝန်ရှိသူများက သာသနာ့အလံတော်နှင့် နှစ်နိုင်ငံအလံငယ်များ ဝှေ့ယမ်း ၍ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် Preah Sihamoniraja ဗုဒ္ဓ တက္ကသိုလ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်းမန်များကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကမ္ဘောဒီးယားနိုင်ငံ သံဃာအဓိပတိ ဆရာတော် အားဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ မေးမြန်း လျှောက်ထားကာ ဆရာတော်ကြီးထံမှ ဩဝါဒများနာယူကြည်ညိုသည်။ဆက်လက်၍ ဆရာတော်ကြီးက မြန်မာ-ကမ္ဘောဒီးယားချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ ကမ်ပုန်စပူးပြည်နယ်၊ ဥဒေါင်းဒေသ၊ အမ်ပါယ်ရောင်ကျေးရွာတွင် အေးငြိမ်းချမ်းသာ မြန်မာဘုန်းတော်ကြီးကျောင်း(International Peace Cambodia-Myanmar Dormitory)တည်ဆောက်လျက်ရှိမှု အခြေအနေကို ရှင်းလင်းမိန့်ကြားရာနိုင်ငံတော် သမ္မတက လိုအပ်သည်များကို မေးမြန်း လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဆရာတော်ကြီးထံ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူနှင့် မာရဝိဇယဘုရားကြီး တည်ဆောက်ခဲ့မှုမှတ်တမ်းစာအုပ်အား လည်းကောင်း၊ လှူဖွယ်ပစ္စည်များနှင့် စုပေါင်းလှူဒါန်းငွေများအားလည်းကောင်း ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက နိုင်ငံတော်သမ္မတထံ မြန်မာ-ကမ္ဘောဒီးယား ချစ်ကြည် ရေးအထိမ်းအမှတ်လက်ဆောင်အား ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဆရာတော်ကြီးနှင့် အတူ မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဆရာတော်ကြီးနှင့်အတူ ဗုဒ္ဓတက္ကသိုလ်ကျောင်းပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုကြည်ညိုကြပြီး ဗုဒ္ဓ တက္ကသိုလ်မှ ပြန်လည်ထွက်ခွာရာ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်လေးများနှင့် တာဝန်ရှိသူများက သာသနာ့အလံတော်နှင့် နှစ်နိုင်ငံအလံငယ်များ ဝှေ့ယမ်း၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
