ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့်အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က ဂုဏ်ပြုကြိုဆို တွေ့ဆုံဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံ ဘုရင် မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ်ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့်အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲ တွင် ကမ္ဘောဒီးယားနိုင်ငံအထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော်(Solidarity Palace)၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမောင်မြင့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့်အထက်လွှတ်တော် (ဆီးနိတ်)ဥက္ကဋ္ဌနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံအစိုးရအဖွဲ့မှ ဝန်ကြီးများနှင့်အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တည်းခိုရာဟိုတယ်မှ ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိညီညွတ်ရေးနန်းတော်သို့ထွက်ခွာရာ လမ်းဘေးဝဲယာတစ်လျှောက်တွင် ကမ္ဘောဒီးယားနိုင်ငံပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူလေးများက နှစ်နိုင်ငံအလံများ၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ဓာတ်ပုံများနှင့်ပန်းစည်းများ ကိုင်ဆောင်ဝှေ့ယမ်း၍လည်းကောင်း၊ ကင်းထောက်လူငယ်မောင်မယ်များက အလေးပြု၍ လည်းကောင်း ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည့်နေရာသို့ရောက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့်အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြသည်။ ထိုအချိန်တွင် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတော်သီချင်းတို့အား တီးမှုတ်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့်ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့်အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများအား အပြန်အလှန်မိတ်ဆက်ပေးကြပြီး နိုင်ငံတော်သမ္မတနှင့်ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌတို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့်အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌတို့သည် ငြိမ်းချမ်းရေးနန်းတော်(Puthi Chey Hall) ၌တွေ့ဆုံဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာ၌ ဦးစွာ ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့်အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌက ဆွေးနွေးပြောကြားရာတွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံက လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့် ယခင်ကတည်းက တွေ့ဆုံမှုများရှိခဲ့ပြီး ယခုကဲ့သို့ အဆွေတော်နှင့်ထပ်မံတွေ့ဆုံရသည့်အတွက်လည်းများစွာဝမ်းမြောက်ပါကြောင်း၊ မိမိတို့ဘုရင်မင်းမြတ်အနေဖြင့် ပြည်ပသို့ခရီးစဉ်ရောက်ရှိနေသဖြင့် မိမိမှ၎င်း၏ကိုယ်စား အဆွေတော်အားယခုကဲ့သို့ ဂုဏ်ပြုကြိုဆိုခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ရွေးကောက်ခံအစိုးရမှ နိုင်ငံတော်တာဝန်ထမ်းဆောင်နေမှုအပေါ်တွင်လည်း မိမိတို့အနေဖြင့် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင်လည်း မိမိတို့ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စား လှယ်အဖွဲ့များကို စေလွှတ်ခဲ့ပြီး လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရပါကြောင်း၊ အဆွေတော်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့မှုအပေါ်လည်း မိမိအနေဖြင့်ဂုဏ်ယူပါကြောင်းနှင့်ဝမ်းမြောက်ကြောင်းသဝဏ်လွှာကိုလည်းပေးပို့ခဲ့ပါကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို မိမိတို့အနေဖြင့်မြင်တွေ့နေရပါကြောင်း၊ ယခုအဆွေတော်၏ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်အတွင်း ကုန်သွယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုတွေ့ဆုံ ဆွေးနွေးပွဲတွင်လည်း မိမိတို့အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာဖြင့်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ဆွေးနွေးပြောကြားရာတွင် အဆွေတော်နှင့်ယခုကဲ့သို့ထပ်မံတွေ့ဆုံရသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ ပြည်ပသို့ရောက်ရှိနေသည့် အဆွေတော်တို့၏ဘုရင်မင်းမြတ်နှင့်မယ်တော်မိဖုရားကြီးကိုလည်း နှုတ်ခွန်း ဆက်သပါကြောင်းနှင့်ခရီးစဉ်ဖိတ်ကြားမှုအတွက်လည်း ကျေးဇူးတင်ရှိသည်ကို အဆွေတော်မှတစ်ဆင့် စကားပါးလိုပါကြောင်း၊ မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်သည့် ခရီးစဉ်ဖြစ်သည့်အပြင် မိမိနိုင်ငံတော်သမ္မတအဖြစ်တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည် ရေးခရီးစဉ်အဖြစ်လာရောက်သည့် ပထမဆုံးသောခရီးစဉ်ဖြစ်ပါကြောင်း၊ မိမိတို့ရောက်ရှိချိန်တွင် ဖနောင်ပင်မြို့၏အံ့ဩဖွယ်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘောဒီး ယားနိုင်ငံ၏သာယာမှုကို သတိပြုမိပါကြောင်း၊ အဆွေတော်၏ မဆုတ်မနစ်သောဇွဲ၊ လုံ့လနှင့်နိုင်ငံကိုယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင် ရွက်မှုများအတွက်လည်း ချီးကျူးပါကြောင်းနှင့်အဆွေတော်အတွက် ဂုဏ်ယူသည်ကိုပြောကြားလိုပါကြောင်း၊ မိမိနိုင်ငံတော်သမ္မတအဖြစ် ခန့်အပ်ခြင်းခံရမှုအပေါ် အဆွေတော်အနေဖြင့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်၏ မြန်မာနိုင်ငံအပေါ် ညီရင်းအစ်ကိုပမာစိတ်ဖြင့် အစဉ်တစိုက်အားပေးထောက်ခံမှုများနှင့်မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအပေါ် အထူးအလေးထားစိတ်ဝင်စားမှုများအတွက်လည်းကျေးဇူးတင်ရှိသည်ကိုပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်စဉ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အဆွေတော်၏လမ်းညွှန်မှုဖြင့် ကမ္ဘောဒီးယားနိုင်ငံကအရေးပေါ်ရန်ပုံငွေပေးပို့ကူညီခဲ့သည်ကို အထူးပင်ကျေးဇူးတင်အမှတ်ရနေပါကြောင်း၊ အဆွေတော်အနေဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်ပြီး မိတ်ဆွေကောင်း ပီသစွာဖေးမကူညီခဲ့သည့်အတွက် အမြဲကျေးဇူးတင်အမှတ်ရလျက်ရှိပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ဥပဒေပြုရေးတွင် အရေးပါသည့်မဏ္ဍိုင်တစ်ခုဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌနှင့်ဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌဖြစ်သူ အဆွေတော်နှင့်တွေ့ဆုံပြီး မိမိတို့နှစ်နိုင်ငံဥပဒေပြုရေးမဏ္ဍိုင်များဖြစ်သည့် လွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့်သွားနိုင်ရေး ရင်းနှီးပွင့်လင်းစွာဆွေးနွေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးရှည်လျားကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်နိမိတ်များ ထိစပ်နေသည့်နိုင်ငံများမဟုတ်ကြသော်လည်း ဘာသာရေး၊ဓလေ့ထုံးတမ်းနှင့်ယဉ်ကျေးမှုအရတူညီသည့်ဆက်နွှယ်မှုများရှိပြီး နှစ်နိုင်ငံဆက်ဆံမှုများကောင်းမွန်လျက်ရှိမှုအခြေ အနေများ၊ မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံသည် ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ရပ်တည်ထောက်ခံလျက်ရှိမှုအခြေအနေများ၊ အစိုးရ အဖွဲ့အစည်းများအကြားသာမက တပ်မတော်နှစ်ရပ်အကြားနှင့်ပြည်သူများအကြားတွင်လည်း ဆက်ဆံရေးများတိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင်(Joint Commission for Bilateral Cooperation- JCBC)ကဲ့သို့ ယန္တရားများကို ပြန်လည်စတင်ဆောင်ရွက်သွားနိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အနာဂတ်အတွက်အလားအလာကောင်းများရှိသည့်အတွက် ရင်းနှီးမြှုပ် နှံမှုများဆောင်ရွက်မည်ဆိုပါက ကြီးမားသည့်အောင်မြင်မှုများရရှိလာနိုင်မှုအခြေအနေများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအပြန်အလှန်ခရီးစဉ်များဆောင်ရွက်သွားနိုင်သည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် မဲခေါင်-လန်ချန်း၊ CLMV နှင့် ACMECS တို့ကဲ့သို့သော ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုယန္တရားများတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့်ယခုနှစ်တွင် မြန်မာနိုင်ငံအနေ ဖြင့် ACMECS အစည်းအဝေးများကို ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုကာလအတွင်း “လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော်ဆောင်ကာ ခေတ်မီ၍စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော ACMECS ဒေသတည်ဆောက်စို့” ဆိုတဲ့ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းရှိပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍအပါအဝင် အခြားကဏ္ဍပေါင်းစုံ၌ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုများပပျောက်စေရေး ထိထိရောက်ရောက်ရှင်းလင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် တရားမျှတပြီး သိက္ခာရှိတဲ့ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် လွှတ်တော်များနှင့်ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေးဆောင်ရွက်လျက်ရှိမှုနှင့်ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံတော်အစိုးရသစ်အနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့်ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေကာ ဒေသတွင်းအကျိုးစီးပွားများကိုဟန်ချက်ညီညီ ဆက်လက်ဖော်ဆောင်လျက်ရှိသည့်အခြေ အနေများနှင့်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌက ငြိမ်းချမ်းရေးနန်းတော်(Aha Phirom Hall)၌တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ကမ္ဘောဒီးယားနိုင်ငံခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အခမ်းအနားတက်ရောက်လာကြသူများသည် ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။ ဂုဏ်ပြုနေ့လယ်စာ မသုံးဆောင်မီနှင့်သုံးဆောင်နေစဉ်အတွင်း ကမ္ဘောဒီးယားနိုင်ငံယဉ်ကျေးမှုအဖွဲ့က နှစ်နိုင်ငံရိုးရာတေးသီချင်းများ၊ အကအလှများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုနေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့်အထက်လွှတ်တော်(ဆီးနိတ်) ဥက္ကဋ္ဌက ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ မြဝတီ






