ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့်နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပ

Saturday, September 12, 2026 - 10:15

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့်နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  စက်တင်ဘာ ၁၁

 

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေ၄ နာရီ ၂၀ မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့်ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံး(Peace Palace)ရှိအစည်းအဝေးခန်း၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကျင်းပသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲပြုလုပ်မည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံး (Peace Palace) သို့ရောက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး  တွေ့ဆုံပွဲကိုကျင်းပပြုလုပ်သည်။   

အဆိုပါတွေ့ဆုံပွဲသို့  နိုင်ငံတော်သမ္မတနှင့်အတူ  ခရီးစဉ်တွင်အဖွဲ့ဝင်များအဖြစ်လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်နှင့်အတူ  ကမ္ဘောဒီးယားအစိုးရအဖွဲ့မှ  အဆင့်မြင့်အရာရှိကြီးများ၊  မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင်   ဦးစွာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲနွေးထွေးစွာဖြင့်ကြိုဆိုပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် သမ္မတကြီးအနေဖြင့် တစ်ကြိမ်လာရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည်  ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊  မိမိတို့ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်တွင် အဆွေတော်၏ကူညီဆောင်ရွက်ပေးမှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့နှစ်နိုင်ငံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြားကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့်အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေး  ဆွေးနွေးဆောင်ရွက်သွားနိုင်မည်ဟု  ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့်ဖနောင်ပင်မြို့၏ မြို့ပြစနစ်တကျ  ခေတ်မီတိုးတက်လာမှုများကိုတွေ့မြင်ရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ ၂၀၂၅ ခုနှစ်  မန္တလေးငလျင်ကြီးလှုပ်ခတ်မှုအပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးတို့အတွက် မြန်မာပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားသည့်စိတ်၊ မိတ်ဆွေကောင်းပီသသည့်စိတ်ဖြင့် ကယ်ဆယ်ရေးပစ္စည်းများနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ မိမိ၏နိုင်ငံတော်သမ္မတအဖြစ်  ကတိသစ္စာပြုခြင်းအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံမှအထူးကိုယ်စားလှယ်စေလွှတ်ပေးခြင်းနှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခြင်းခံရမှုအပေါ် အဆွေ တော်ထံမှဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့မှုအတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ  ပထမပိုင်းနှင့်တတိယပိုင်းကို ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်များကို လေ့လာသူအဖြစ်စေလွှတ်ပေးသည့်အတွက်အသိ အမှတ် ပြုဝမ်းမြောက်ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အပြုသဘောဖြစ်ပေါ်တိုးတက်မှုများကို အစဉ်တစိုက်ထောက်ခံပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊   မိမိနိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူဆောင်ရွက်သည့်အချိန်တွင် ကမ္ဘောဒီးယား- မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးတက်ခိုင်မာလာအောင် ကြိုးပမ်းလုပ်ဆောင်သွားမည်ကို အခိုင်အမာပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက်  နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ရပ်တည်ထောက်ခံပေးလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြားကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း(MSME)ကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ သာသနာရေးနှင့်ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုများပပျောက်စေရေး ထိထိရောက်ရောက်ရှင်းလင်းဆောင်ရွက်လျက်ရှိမှုနှင့်ကမ္ဘောဒီးယားနိုင်ငံအစိုးရအနေ ဖြင့်လည်း အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုများပပျောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ပြည် တွင်းဖြစ်ပေါ်တိုးတက်ပြောင်းလဲလျက်ရှိမှု၊ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့်ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့်  ကမ္ဘောဒီးယားနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုအလေးထားပြီး ကမ္ဘောဒီးယားနိုင်ငံ၏  ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံတစ်နိုင်ငံအဖြစ်  ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့်  အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရင်းနှီး မြှုပ်နှံမှုအပြန်အလှန်မြှင့်တင်နိုင်ရေးနှင့်အကာအကွယ်ပေးရေးဆိုင်ရာသဘောတူစာချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ်၊ ယဉ်ကျေး မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့်ပြန်ကြားရေးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာတို့ကို နှစ်နိုင်ငံမှသက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်တို့၏ရှေ့မှောက်၌  အသီးသီးလက်မှတ်ရေးထိုး အပြန်အလှန်လဲလှယ်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က  ရင်းနှီးနွေးထွေးစွာဖြင့် လိုက်ပါပို့‌ဆောင်နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။    မြဝတီ