ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေး

Saturday, September 12, 2026 - 10:00

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေး                           

 

နေပြည်တော် စက်တင်ဘာ  ၁၁

 

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေ ၅  နာရီတွင်  ကမ္ဘောဒီးယားနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mrs. Samdech KHUON Sundary နှင့်ကမ္ဘောဒီးယားအမျိုးသားလွှတ်တော် အဆောက်အဦ၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲကျင်းပပြုလုပ်မည့် ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်အဆောက်အဦသို့ရောက်ရှိရာ ကမ္ဘောဒီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌက  ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ပြီး နိုင်ငံတော်သမ္မတနှင့်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ 

ထို့နောက် တွေ့ဆုံပွဲကိုကျင်းပရာ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊  မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်မှတာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် ရှည်လျားသည့်ရာဇဝင်သမိုင်းကြောင်းများနှင့်ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ ကိုးကွယ်ယုံကြည်မှု၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်ပြည်တွင်းတည်ငြိမ်အေးချမ်းရေးကြိုးပမ်းတည်ဆောက်ခဲ့ရမှုများ စသည်ဖြင့်တူညီကြပြီး ချစ်ကြည်ရင်းနှီးသည့် မိတ်ဖက်နိုင်ငံများဖြစ်မှုအခြေအနေ၊ နှစ်နိုင်ငံသည် မိတ်ဆွေနိုင်ငံများဖြစ်ကြပြီး သမိုင်းအစဉ်အလာကြီးမားကာ  ခေတ်အဆက်ဆက်နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်းလည်း ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံမှုများရှိခဲ့ကြသည့်အခြေအနေ၊ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့မှုအခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ရွေးကောက်ခံအစိုးရအဖွဲ့က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင် ရွက်လျက်ရှိမှုအခြေအနေ၊  မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကျင်းပချိန်က ကမ္ဘောဒီးယားနိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်လေ့လာခဲ့မှုနှင့်မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ်ကမ္ဘောဒီးယားလွှတ်တော်အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူမှုအခြေအနေ၊ မြန်မာ နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြားဥပဒေပြုရေးနှင့်ကြီးကြပ်ရေးဆိုင်ရာ အတွေ့အကြုံများကိုမျှဝေဆောင် ရွက်သွားမည့်အခြေအနေ၊ မြန်မာ-ကမ္ဘောဒီးယားလွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးအသင်းဖွဲ့စည်းပြီး လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာအောင် အလေးထားဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့်လူငယ်များ၏အခန်းကဏ္ဍမြှင့်တင် ဆောင်ရွက်လျက်ရှိမှုအခြေအနေနှင့်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေ အနေနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ကမ္ဘောဒီးယားနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည်တက်ရောက်လာကြသည့် နှစ်နိုင်ငံအဆင့်မြင့်ကိုယ်စားလှယ်အရာရှိကြီးများနှင့်စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ 

ယင်းနောက် နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရင်းရင်းနှီးနှီးလိုက်လံ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ မြဝတီ