ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖနောင်ပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်နှင့် ခမည်းတော်ဘုရင်သီဟာနုပုံတူရုပ်တုထားရှိရာ အထိမ်းအမှတ် ခေါင်းလောင်းပုံမဏ္ဍပ်တို့၌ လွမ်းသူ့ပန်းခွေချအလေးပြု
နေပြည်တော် စက်တင်ဘာ ၁၁
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၁၀ မိနစ်တွင် ဖနောင်ပင်မြို့ရှိ လွတ်လပ်ရေး ကျောက်တိုင်နှင့် ခမည်းတော်ဘုရင်သီဟာနု ပုံတူရုပ်တုထားရှိရာ အထိမ်းအမှတ် ခေါင်းလောင်းပုံမဏ္ဍပ်တို့၌ လွမ်းသူ့ပန်းခွေချ အလေးပြုသည်။
ဦးစွာ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လွတ်လပ်ရေးကျောက်တိုင်သို့ရောက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အမျိုးသားလုံခြုံရေးဝန်ကြီး H.E. Mr. TEA Seiha နှင့် အဆင့်မြင့်အရာရှိကြီးများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူပြီး ရှေ့ဆောင်စစ်သည်နှစ်ဦးကဦးဆောင်၍ လွမ်းသူ့ပန်းခွေအားသယ်ဆောင်ကာ လွတ်လပ်ရေးကျောက်တိုင်၌ လွမ်းသူ့ပန်းခွေချ၍ အလေးပြုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ခမည်းတော်ဘုရင်သီဟာနု ပုံတူရုပ်တုထားရှိရာ အထိမ်းအမှတ်ခေါင်းလောင်းပုံမဏ္ဍပ်သို့ ရောက်ရှိကြရာ ကမ္ဘောဒီးယားနန်းတွင်းရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက ခမည်းတော်ဘုရင်သီဟာနု၏ ရုပ်တုရှေ့တွင် လွမ်းသူ့ပန်းခွေချ၍ အလေးပြုခဲ့သည်။
၁၉၅၃ ခုနှစ်တွင် ပြင်သစ်အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးရရှိခဲ့ခြင်းကို အထိမ်းအမှတ်ပြုရန်အတွက် လွတ်လပ်ရေးကျောက်တိုင်ကို ၁၉၅၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးကျောက်တိုင်၏ အရှေ့ဘက်ပန်းခြံအတွင်း ခေါင်းလောင်းပုံစံမဏ္ဍပ်ကြီးအောက်တွင် ၂၀၁၂ ခုနှစ်က နတ်ရွာစံခဲ့သည့် လွတ်လပ်ရေးခေါင်းဆောင်ကြီး ခမည်းတော်ဘုရင်သီဟာနု(Norodom Sihanouk)ရုပ်တုကြီးကို ၂၀၁၃ ခုနှစ်က ဆောက်လုပ်ထားရှိကြောင်း၊ နိုင်ငံခြားအကြီးအကဲများ၏ သံတမန်ရေးရာခရီးစဉ်အစီအစဉ်များတွင် လွတ်လပ်ရေးကျောက်တိုင်၌ လွတ်လပ်ရေးသူရဲကောင်းများကိုဂုဏ်ပြုပန်းခွေချပြီး ယှဉ်လျက်ရှိသော သီဟာနု ဘုရင်ကြီး၏ ရုပ်တုထားရှိရာ အထိမ်းအမှတ်ခေါင်းလောင်းပုံမဏ္ဍပ်တွင် ဘုရင်ကြီးအား အရိုအသေပေးသည့်ပန်းခွေကို သီးသန့်အစဉ်လိုက် သွားရောက်ချကြလေ့ရှိကြောင်းသတင်းရရှိသည်။ မြဝတီ


