မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေ ၁ စီးပေါ်တွင် လိုက်ပါလာသူများအား တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်
၂၀၂၆၊ စက်တင်ဘာလ ၁၁ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၈၀ မိုင်ခန့်အကွာရှိ မြန်မာ့ ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ငါးသယ်လှေ ၁ စီးပေါ်တွင် လိုက်ပါလာသူ များအား တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၀ ရက်၊ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြို့၏ အရှေ့တောင်ဘက် မိုင် ၈၀ ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တိုးတိုးလွင် (၉၉) အမည်ရှိ ငါးသယ်လှေ ၁ စီး ရေဝင်နစ်မြုပ်နေကြောင်း သတင်းရရှိသဖြင့် ပင်လယ်ပြင်အတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၁ စီးနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ် ၁ စီးတို့သည် အနီးအနားရှိ ဒေသခံ ငါးဖမ်းလှေများနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အဆိုပါ ငါးသယ်လှေပေါ်၌ လိုက်ပါလာသူများအနက် ၁၁ ဦးတို့ကို ရေယာဉ်ပေါ်သို့ ကူညီကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါရေဝင်နစ်မြုပ်ခဲ့သည့်လှေပေါ်မှ ကူညီကယ်ဆယ်ထားရှိသူများအား သက်ဆိုင်ရာ သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်စွာ စနစ်တကျ စောင့်ရှောက်ထားကြောင်း သတင်းရရှိသည်။(၁၀၀)

