အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများကို အခြေချလုပ်ကိုင်၍ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် KK Park ၊ ရွှေကုက္ကိုလ်နှင့် ကျောက်ခက်ဒေသအတွင်း တပ်မတော်စစ်ကြောင်းများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၁၀
KNU ၊ KNLA၊ DKBA၊ PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့များအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများနှင့် တရားမဝင်ဒုစရိုက်လုပ်ငန်းများကို လွတ်လပ်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် အာရှလမ်းမကြီးနှင့် သင်္ကန်းညီနောင်မြို့တို့အား ထိန်းချုပ် နိုင်ရေးကြိုးပမ်းခဲ့ရာ သင်္ဃန်းညီနောင်မြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များနှင့် ဌာနဆိုင်ရာ အဆောက်အအုံများအား အင်အားအလုံးအရင်းဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့ထိ (၂၈) ရက်ကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်ခဲ့မှုကြောင့် မြို့တွင်းရှိ ဌာနဆိုင်ရာ အဆောက် အအုံများနှင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံတိုင်းရင်းသားများ အနေဖြင့် မိမိတို့၏ အဆောက်အအုံ၊ ပစ္စည်းများအား စွန့်ခွာ၍ ဘေးလွတ်ရာသို့ ယာယီနေရပ် စွန့်ခွာခဲ့ရကာ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက် နေ့မှ စတင်ပြီး မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် အာရှလမ်းမကြီးအား ပိတ်ဆို့မှုများလုပ်ဆောင် ခဲ့သည်။
ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် အဓိကအချက်အချာကျသည့် ဘားအံ-ကျုံဒိုး- ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနှင့် ကော့ကရိတ်မြို့အား ထိန်းချုပ်ဖြတ်တောက်ရန်အတွက် ကျုံဒိုး- ကော့ကရိတ်လမ်းကြောင်းအားလည်းကောင်း၊ ကော့ကရိတ်-မြဝတီ လမ်းကြောင်းအား လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များဝင်ရောက်လာခြင်း မပြုလုပ်နိုင်ရေးအတွက် နှောင့်ယှက်ပိတ်ဆို့မှုများ ဆောင်ရွက်ခြင်း၊ ကျေးရွာများတွင် ပုန်းအောင်းနေထိုင်ပြီး အဖျက်အမှောင့်လုပ်ငန်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့သည့်အပြင် လမ်း ကြောင်းတစ်လျှောက် သွားလာလျက်ရှိသည့် မော်တော်ယာဉ်များအား အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အဆိုပါလမ်းကြောင်းများပေါ်ရှိ ညီညာသာလင်းတံတား၊ (၅)တိုင်တံတား၊ ကော့နွဲ့တံတား အပါအဝင် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းတံတားများ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း၊ အတားအဆီးများ ပြုလုပ်၍ လမ်းကြောင်းပိတ်ဆို့ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားခဲ့ပြီး အဆိုပါဒေသရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများသည် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကာ နေထိုင်စားသောက်ရေးတို့တွင် များစွာအခက်အခဲဖြစ်ပေါ်ခဲ့၍ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုများ နိမ့်ကျခဲ့ရသည့်အပြင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ ကြီးထွားလာစေခဲ့ပြီး နယ်မြေဒေသတည်ငြိမ်မှုအပေါ် များစွာထိခိုက်စေခဲ့သည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ နှောင့်ယှက်ပိတ်ဆို့ထားသည့် လမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ် နိုင်ရေးနှင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ အသုံးပြုနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်မှစ၍ ကျုံဒိုး-ကော့ကရိတ်ကြားတွင် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူများကို ရဲရဲဝင့်ဝင့်ချေမှုန်း ခဲ့ရာ စစ်ဆင်ရေးကာလ ၃ လကျော်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ၉၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူထံမှအလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံ ၃ဝ လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းပိုက်ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် ကျုံဒိုး-ကော့ကရိတ် လမ်းကြောင်း တစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ခဲ့သည်။
အလားတူတပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် သင်္ကန်း ညီနောင်မြို့နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာအဆောက်အအုံများအား အကြမ်းဖက်သောင်းကျန်းသူများ၏ လက်သို့ကျရောက်မှုမရှိစေရေးအတွက် မိမိအသက် ကို ပဓာနမထားဘဲ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ရွပ်ရွပ်ချွံချွံ ခုခံ တိုက်ခိုက်ခဲ့သည့်အတွက် အကြမ်းဖက် သောင်းကျန်းသူများသည် အထိအခိုက် အကျအဆုံးများပြီး ဖရိုဖရဲဖြင့် ပြန်လည်ဆုတ်ခွာ သွားခဲ့ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် အာရှလမ်းမကြီးအား ပြန်လည်ဖွင့် လှစ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ် အာရှ လမ်းမကြီးအား အပြည့်အဝ ပြန်လည်ထိန်းချုပ်ပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ မြဝတီမြို့၏ အရှေ့တောင်ဘက်မီတာ ၄၈၀၀ခန့်အကွာရှိ KK Park နယ်မြေအတွင်း အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက အခကြေးငွေရယူပြီး ကာကွယ်ပေးထားသော တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည့် အဆောက်အအုံ ၆၃၅ လုံးနှင့်အတူ တရားမဝင်ပြည်ပနိုင်ငံသား အမျိုးသား ၁၀၈၈ ဦး၊ အမျိုးသမီး ၁၉၄ ဦး၊ စုစုပေါင်း ၁၂၈၂ ဦးအား အွန်လိုင်းလိမ်လည် လောင်းကစား မှုကျူးလွန်ရာတွင် အသုံးပြု သည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အဆိုပါ တရားမဝင်ပြည်ပနိုင်ငံသား များအား သက်ဆိုင်ရာ နိုင်ငံများသို့ ၎င်းတို့ဝင်ရောက်လာခဲ့သည့် ထိုင်းနိုင်ငံမှတစ်ဆင့် စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများအား အဆိုပါဒေသ တွင် ပြန်လည်အခြေချလုပ်ကိုင်မှု မရှိစေရေးနှင့် ဒုစရိုက်လုပ်ငန်းများ ထပ်မံဆောင်ရွက် နိုင်မှုမရှိစေရေးအတွက် အပိုင်း(၃) ပိုင်းခွဲကာ စနစ်တကျဖောက်ခွဲဖျက်ဆီး၍ လည်းကောင်း၊ ယာဉ်ယန္တရားများ အသုံးပြု၍ လည်းကောင်း ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ တွင် ရာနှုန်းပြည့် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့၏ အရှေ့မြောက်ဘက်မီတာ ၁၅၀၀၀ ခန့် အကွာ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌လည်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့ များက အခကြေးငွေရယူပြီး ကာကွယ်ပေးထားသော တရားမဝင်အွန်လိုင်းလောင်းကစား လုပ်ငန်းလုပ်ကိုင်ခဲ့သည့် အဆောက်အအုံ ၇၇ လုံးနှင့်အတူ တရားမဝင်ပြည်ပ နိုင်ငံသား အမျိုးသား ၁၈၁၁ ဦး၊ အမျိုးသမီး ၂၆၄ ဦး၊ စုစုပေါင်း ၂၀၇၅ ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် အဆိုပါဖမ်းဆီးရမိခဲ့သူများအား သက်ဆိုင်ရာနိုင်ငံများသို့ ထိုင်းနိုင်ငံမှတစ်ဆင့် စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆောက်အအုံများကို စနစ်တကျဖောက်ခွဲဖျက်ဆီး၍ လည်း ကောင်း၊ ယာဉ်ယန္တရားများ အသုံးပြု၍လည်းကောင်း ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက် ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ရာနှုန်းပြည့် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အနေဖြင့် အဆိုပါဒေသများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများ အခြေချနေ ထိုင်လုပ်ကိုင်မှု မရှိစေရေးအတွက် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံတာဝန်သိပြည်သူများ ပါဝင်သောပူးပေါင်းအဖွဲ့ များဖြင့် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် ကျောက်ခက်ဒေသ အတွင်း၌ လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အခြေချလုပ်ကိုင်နေကြောင်း သတင်း ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုး ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများကို ကာကွယ်ပေးထားသော အကြမ်းဖက်သောင်းကျန်းသူများ၏ စခန်း(၁)ခု ဖြစ်သည့် ကျွန်း (၇)ပင်စခန်းအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် လည်းကောင်း၊ အဆိုပါစခန်း၏ အရှေ့တောင် ဘက်မီတာ ၅၀၀၀ ခန့်အကွာရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းလုပ်ကိုင်သည့်နေရာအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် လည်းကောင်း၊ အဆိုပါစခန်း၏ အရှေ့တောင်ဘက်မီတာ ၆၅၀၀ ခန့်အကွာရှိ အွန်လိုင်း လိမ်လည် လောင်းကစားမှုလုပ်ငန်း လုပ်ကိုင်သည့်နေရာအား ၂၀၂၆ ခုနှစ်၊ဩဂုတ်လ ၁၇ ရက် နေ့တွင်လည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့သည်။
ထိုသို့ သိမ်းပိုက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစား မှုလုပ်ငန်း လုပ်ကိုင်နေသူများကို မြေနေရာပေး၍ အခကြေးငွေရယူကာ ကာကွယ်ပေး ထားသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ် (၄၆)ကြိမ်ဖြစ်ပွား ခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း(၂၁)လောင်း၊ လက်နက်မျိုးစုံ (၁၈)လက်၊ ကျည်အိမ် မျိုးစုံ (၂၇)ခု၊ ကျည်မျိုးစုံ (၁၃၃၃)တောင့်၊ လက်လုပ် Dropဗုံး(၁၄)လုံး၊ မိုင်းမျိုးစုံ (၂၁၉)လုံး၊ ကျည်ကာအင်္ကျီ (၉)စုံ၊ ကျည်ကာဦးထုပ် (၁၅)လုံး၊ ညကြည့်မှန်ပြောင်း(၁)ခု၊ ကင်းထောက် Drone (၁)စီး၊ လမ်းလျှောက်စကားပြောစက် (၇)လုံး၊ ပစ်ကျင်း(၄၄၁)ကျင်း၊ ဘန်ကာ (၅၃)လုံး၊ လူနေတဲ(၂၂၈)လုံး၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ဆောင်ခဲ့သည့် အဆောက်အအုံ (၁၅)လုံး၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်သူ တရားမဝင်ပြည်ပနိုင်ငံသားများနှင့် ဆက်စပ် သူများအပါအဝင် (၇၇၇) ဦးတို့အား လုပ်ငန်း သုံးပစ္စည်းများဖြစ်သည့် StarLink (၂)လုံး၊ တယ်လီဖုန်းမျိုးစုံ (၄၅၂)လုံးနှင့် ကွန်ပျူတာ ဆက်စပ်ပစ္စည်းမျိုးစုံ (၁၇၅)စုံတို့အား သိမ်းဆည်းရရှိသည်။
အဆိုပါကျောက်ခက်ဒေသရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သူ များအနက် တရားမဝင် ပြည်ပနိုင်ငံသား ၂၁၀ ဦးအား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နှင့် ဇူလိုင် ၁၈ ရက်တို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က အခကြေးငွေများရယူ ကာ မော်တော်ယာဉ်များဖြင့် တင်ဆောင်ပြီး ကျောက်ခက်-ဝေါလေ လမ်းကြောင်းအတိုင်း ဝေါလေ၏ အနောက်တောင်ဘက်မီတာ ၂၆၀၀ ခန့်အကွာ မြန်မာ-ထိုင်းနယ်စပ်သို့ ပို့ဆောင်ပေးခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်အား ဖြတ်သန်း၍ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး သွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရသိရှိရသည်။
ထို့အပြင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် လေးကေကော်မှ ကျောက်ခက် ဒေသသို့ သွားသည့် လမ်းကြောင်းပေါ်ရှိ သံဘောင်ဘေလီအမျိုးအစားဖြစ်သည့် အရှည် (၈၀)ပေ၊ အကျယ်(၁၃)ပေရှိ ကျွန်း(၇)ပင်တံတားအားလည်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီး ထားရှိသဖြင့် နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်မှ တပ်မတော်သားများက ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် တံတားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများပြီးစီးခဲ့ကြောင်း သိရှိရသည်။
၎င်းအပြင်အကြမ်းဖက်သောင်းကျန်းသူများ ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက် ခွဲဖျက်ဆီးခဲ့သည့် ကျုံဒိုး-ကော့ကရိတ်-သင်္ကန်းညီနောင်- မြဝတီ လမ်းကြောင်းပေါ်ရှိ ညီညာသာလင်းတံတား၊ (၅)တိုင်တံတားနှင့် ကော့နွဲ့တံတား အပါအဝင် လမ်း/တံတား များအား နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်မှ တပ်မတော်သားများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပြန်လည်ပြုပြင်တည်ဆောက်ပေးခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများ လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့ထားသည့် အတားအဆီးများကို လည်း ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ကျူးလွန်ကြသူများအနေဖြင့် မြန်မာ နိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံ အချို့ကိုတစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည် မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ အွန်လိုင်း လိမ်လည် လောင်းကစားမှုများကို ကျူးလွန်ခဲ့ကြသူများသည် Social Media မှတဆင့် နည်းမျိုးစုံဖြင့် မက်လုံးပေး စည်းရုံးမှုကြောင့် နိုင်ငံစုံမှ အလုပ်လာရောက် လုပ်ကိုင်ရင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့ရသည့် လူကုန်ကူး ခံရသူများနှင့် ရာဇဝတ်မှုများကျူးလွန် ထွက်ပြေးတိမ်းရှောင်နေကြ သူများဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့အနေဖြင့် အရှေ့တောင်အာရှနိုင်ငံအချို့တွင် လုပ်ကိုင်ခဲ့ကြပြီး အိမ်နီးချင်းနိုင်ငံ အချို့ ပဋိပက္ခဖြစ်မှုနောက်ပိုင်းမှ မြန်မာနိုင်ငံအရှေ့တောင်ဒေသ KNU ၊ KNLA၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ အခြေချနေထိုင်လျက်ရှိသည့် မြဝတီဒေသ သို့ တစ်ဖက်နိုင်ငံမှတဆင့် နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါအဖွဲ့ များဝင်ရောက် လုပ်ကိုင်မှုအပေါ် KNU ၊ KNLA၊ DKBA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့ များအနေဖြင့် နိုင်ငံနှင့်ဒေသအပေါ်ကြီးမားစွာ ထိခိုက် နစ်နာမှု များကို လျစ်လျူရှု၍ မြေနေရာပေးခြင်း၊ အကာအကွယ်ပေးခြင်းတို့ပြုလုပ်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များဝင် ရောက်မလာစေရေး ဆက်သွယ်ရေးလမ်းကြောင်းများကို သိမ်းပိုက် ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝ များကိုပျက်စီးစေပြီး လူ့ကျင့်ဝတ်သိက္ခာများ ထိခိုက်စေ၍ အများပြည်သူအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးကိုပါ အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်း နိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံအတွင်း လုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေမှုများအား သိရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ် ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးနိုင်ပါရန် မေတ္တာရပ်ခံပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အဆိုပါနယ်မြေနှင့် ပါတ်ဝန်းကျင် ဒေသများတွင် လိုအပ်သည့်နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။