ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်(၆) မြို့နယ်ရှိ ရပ်ကွက် (၁၉)ခုနှင့် ကျေးရွာအချို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ

Thursday, September 10, 2026 - 12:00

 

ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်(၆) မြို့နယ်ရှိ ရပ်ကွက် (၁၉)ခုနှင့် ကျေးရွာအချို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေး လျက်ရှိ

 

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၁၀ ရက်

 

        ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း  ဇူလိုင်လ ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ် ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများ အတွင်းရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက် မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။

        အဆိုပါ ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများ အသုံးပြု၍ Geobags သဲအိတ်ကြီး များချခြင်း၊ မျောတုတ်တန်း များ အတွင်း သဲအိတ်များ ဖြည့်၍ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်းစသည့် ငဝန်ပန်းတာတမံနိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေး လုပ်ငန်းများကို စက်ယန္တရား များနှင့် လုပ်အားစုများ အသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

        ထိုသို့ဆောင်ရွက်လျက်ရှိစဉ် စက်တင်ဘာလ ၉ ရက် ည ၁၂ နာရီ ၁၀ မိနစ်ခန့် တွင် ရေစီးဝင်မှုလမ်းကြောင်းအား ထိန်းချုပ်ထားသည့် Steel Sheet Pile များ   ယိုင်နဲ့၍ ပေ ၃၀ ခန့် ပွင့်ထွက်သွားခဲ့သဖြင့် ယိုင်နဲ့သွားသော Steel Sheet Pile များအား ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်း၊ သဲအိတ် များချခြင်း၊ သောင်တူးစက်များဖြင့် သဲမှုတ်သွင်းခြင်း ၊ တာဘောင်ဖို့ခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ရွာ၊ ရပ်ကွက်များရှိဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နှုန်းများ၊ အမှိုက်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့် ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက် ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်း တို့ကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သော ငဝန်း ပန်းတာမှရေဝင်လမ်း ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ငဝန်ပန်းတာရေဝင်လမ်း အား (Geobags) အိတ်များ ချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များ ဖြည့်၍ ကာကွယ်ခြင်း၊ Steel Sheet Pile များ ရိုက်သွင်းခြင်းလုပ်ငန်းများအား အရှိန်အဟုန် မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။