နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ်ခိုးမှုကျူးလွန်သူ တရားခံအမျိုးသားနှစ်ဦး အား သက်သေခံဆိုင်ကယ်(၁၉)စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၈

Friday, September 11, 2026 - 13:00

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ်ခိုးမှုကျူးလွန်သူ တရားခံအမျိုးသားနှစ်ဦး အား သက်သေခံဆိုင်ကယ်(၁၉)စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၈

နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကာ  နေ့/ညလှည့်ကင်းနှင့် ရပ်ကင်း/ဝပ်ကင်းများဆောင်ရွက်ခြင်း၊ ပြစ်မှုနှင့်သင်္ကာမကင်းသူများအား စစ်ဆေးခြင်းတို့ ဆောင်ရွက်လျက်ရှိှသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ စက်ရုံကျေးရွာနေ မထက်ထက်ဖြိုး(၂၈)နှစ်သည် ဈေးကုန်း ကျေးရွာရှိ ဆင်သေဈေးသို့ ၎င်းပိုင် ၄၆ယ/၇၃၄၈၂ Honda Wave-100 ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး ဆိုင်ကယ်အားဈေးအနီးရပ်တန့်၍ ဈေးဝယ်သွားခဲ့ပြီးပြန်လာစဉ် ဆိုင်ကယ်ပျောက်ဆုံးခဲ့ကြောင်း သတင်းအရ ဆိုင်ကယ်ခိုးယူသူအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ပျဉ်းမနားမြို့မရဲစခန်း၌ (ပ)၁၄၅/ ၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(မော်တော် ဆိုင်ကယ်)ဖြင့် အမှုရေးဖွင့်စုံစမ်းခဲ့သည်။

          တရားခံ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်းသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက် ခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် ဆိုင်ကယ်ခိုးယူသူ ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာ ကျေးရွာနေ လမင်းဇော်(၂၂)နှစ်နှင့် ဥယျာဉ်စုရပ်ကွက်နေ ဇင်ရဲထွန်း(ခ)ရဲထွန်း (၂၆)နှစ်တို့နှစ်ဦးအား ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိပြီး အခြားပြစ်မှုများကျူးလွန်ခဲ့ခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးသည် ၂၀၂၆ ခုနှစ်၊ မေလ၊ ဇွန်လနှင့် ဇူလိုင်လများအတွင်း၌ ပျဉ်းမနားမြို့နယ်မှ ဆိုင်ကယ် ၁၃ စီး၊  နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အသီးသီးမှ ဆိုင်ကယ် ၆ စီး၊ စုစုပေါင်းဆိုင်ကယ် ၁၉ စီးတို့အား ခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး သက်သေခံဆိုင်ကယ် ၁၉ စီး အားသိမ်းဆည်းနိုင်ခဲ့သည်။

ဖြစ်စဉ်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ်များလိုက်လံခိုးယူသူ တရားခံ လမင်းဇော်နှင့် ဇင်ရဲထွန်း(ခ)ရဲထွန်းတို့နှစ်ဦးအား ခိုးမှုကျူးလွန်ရာမှရရှိသည့် သက်သေခံဆိုင်ကယ် ၁၉ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့ခိုးမှုကျူးလွန်ခဲ့သည့် သက်ဆိုင်ရာနယ်မြေရဲစခန်း အသီးသီး၌ အမှုပေါင်း ၁၆ မှုဖြင့် အမှုရေးဖွင့်ထားရှိပြီး  ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။