ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၌ အိမ်ရှင်အမျိုးသမီးအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ခဲ့သူ အိမ်အကူ အမျိုးသမီး နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာလ ၉
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေ ဒေါ်သိန်းမြင့်(၇၄)နှစ်အား အိမ်အကူဖြစ်သူ တင်နွယ်(၅၈)နှစ်နှင့် ၎င်း၏သမီးဖြစ်သူ အေးမြတ်မွန်(ခ)သူသူ(၁၇)နှစ်တို့နှစ်ဦးမှ နေအိမ်ရှေ့ ဧည့်ခန်း၌ ဒေါ်သိန်းမြင့်၏ မျက်နှာပေါ်သို့ ခေါင်းအုံးနှင့်စောင်အုပ်၍ သတ်ဖြတ်ကာ ၎င်းဝတ်ဆင် ထားသည့် စိန်နားကပ် ၁ ရံ၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ SAMSUNG A20 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG အမျိုးအစား Tablet ၁ လုံးတို့အား လုယက်ယူဆောင်ထွက်ပြေး သွားခဲ့သဖြင့် အရေးယူပေးပါရန် ဒေါ်သိန်းမြင့်၏ခင်ပွန်းဖြစ်သူ ဦးခင်မောင်(၇၁)နှစ်၏ တိုင်တန်းချက် အရ ဗိုလ်တစ်ထောင်မြို့မရဲစခန်း (ပ)၅၈၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် တရားခံ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ကကရံကျေးရွာနေ တင်နွယ်နှင့် အေးမြတ်မွန်(ခ)သူသူ တို့နှစ်ဦးအား ကျုံမငေးမြို့၊ အဝေးပြေး ကားဝန်းရှိ “အောင်ချမ်းသာ”ကားဂိတ်၌ သက်သေခံ SAMSUNG A20 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG အမျိုးအစား Tablet ၁ လုံး၊ ငွေ ၂၄၅ သိန်းကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ တင်နွယ်နှင့် အေးမြတ်မွန်(ခ)သူသူတို့၏ စစ်ဆေးချက်အရ ၎င်းတို့ နှစ်ဦးသည် လွန်ခဲ့သော တစ်လကျော်ခန့်မှစတင်၍ ဦးခင်မောင်နှင့် ဇနီးဖြစ်သူဒေါ်သိန်းမြင့်တို့၏ နေအိမ်တွင် အိမ်အကူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ ငွေကြေးလိုအပ်ချက်အရ စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဦးခင်မောင်သည် အမှတ်(၃)ရပ်ကွက်ရှိ ၎င်းပိုင် မုန့်ဆိုင်သို့ ရောက်ရှိနေစဉ် ဒေါ်သိန်းမြင့်အား အသက်ရှူကြပ်သေဆုံးအောင် မျက်နှာအား ခေါင်းအုံးနှင့်စောင်တို့ဖြင့် ပိတ်၍ သတ်ဖြတ်ခဲ့ပြီး ဒေါ်သိန်းမြင့် ဝတ်ဆင်ထားသည့် စိန်နားကပ် ၁ ရံ၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ ဖုန်းနှင့် Tablet တို့အား လုယက်ယူဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် အိမ်ရှင်ဖြစ်သူအား သတ်ဖြတ်၍ လက်ဝတ်ရတနာများနှင့် ဖုန်းများအား လုယက် ယူဆောင်ခဲ့သူ တရားခံ တင်နွယ်နှင့် အေးမြတ်မွန်(ခ)သူသူ တို့နှစ်ဦးအား သက်သေခံပစ္စည်းများ နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။