ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၇ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင် တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ရက် နံနက်ပိုင်းမှစ၍ အလျား (၃၀၀)ပေ၊ အနံ (၄၅) ပေခန့် တာကိုယ်ထည်တိုက်စား ကာ အိပဲ့ကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တာကိုယ်ထည်တိုက်စားခံရမှုအပေါ် ယာယီကာကွယ်နိုင်ရန်အတွက် တာကိုယ်ထည်တိုက်စားမှု ဖြစ်ပေါ်ခဲ့သည့်နေရာအား ဆည်မြောင်းတာ အတွင်းဘက် ခြမ်း ပန်းတာတည်ဆောက်ခြင်း၊ ဆည်မြောင်းတာ အတွင်းဘက်ခြမ်း Upstream Slope နှင့် Downstream Slope နေရာများ၌ သဲအိတ်စီ၍ တာခြေထောက်ခြင်း၊ မြစ်ကမ်းထိန်း လုပ်ငန်းဆောင်ရွက်ခြင်း၊ ကမ်းပြိုကာကွယ်ရေးသုံး Geotextine ခင်းခြင်း၊ Steel Cable Groyne ဆောင်ရွက်ခြင်းနှင့် ရေလမ်းသောင်တူး လုပ်ငန်း များကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

