ဗန်းမော်မြို့သစ်ရှိ၊ အမျိုးသမီးကြီးတစ်ဦး သေဆုံးမှုဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သည့် တပ်မတော်သား သုံးဦးအား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ် နေပြည်တော် ၊ ဇူလိုင် - ၁၆

Friday, July 16, 2021 - 17:30

ဗန်းမော်မြို့သစ်ရှိ၊ အမျိုးသမီးကြီးတစ်ဦး သေဆုံးမှုဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သည့် တပ်မတော်သား သုံးဦးအား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်
နေပြည်တော် ၊ ဇူလိုင် - ၁၆
    ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့သစ်၊ နွယ်လန်းကျေးရွာ၊ နွယ်လန်းတပ်နယ်၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ အကွာ လယ်ကွင်းအနီး၌ အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပတ်ဝန်းကျင်ကျေးရွာများနှင့် နွယ်လန်း တပ်နယ် နယ်မြေခံတပ်များမှ တပ်ပြင်သို့ သွားရောက်ခဲ့သော စစ်သည်များကိုလိုအပ် သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အမူအရာပျက်ယွင်းနေသော စစ်သည် ၃ ဦးအား တွေ့ရှိရသည့်အတွက် အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းတို့ ၃ ဦးသည် ဇူလိုင်လ ၁၄ ရက်နေ့က တပ်ဌာနချုပ်ရှိရာ နွယ်လန်းမှ ထွက်ခွာခဲ့ပြီး တပ်၏ အနောက်မြောက်ဘက် လယ်ကွင်းသို့ရောက်ရှိစဉ် အသက် ၅၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးနှင့် စကား များရာမှ ဒေါသအလျောက် ဓားဖြင့် ထိုးခဲ့ပြီး ဓားကို ကျေးရွာအနီးရှိ ချောင်းအတွင်းသို့ ပစ်ချခဲ့ကြောင်းသိရှိရသည်။
    အဆိုပါစစ်သည်သုံးဦးကို နယ်မြေခံတပ်တွင် ချုပ်နှောင်ထားရှိပြီး လူသတ်မှု နှင့် ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်းနှင့် ဗန်းမော် မြို့နယ်ရဲစခန်းမှ အခြားပြစ်မှုဆိုင်ရာ ကျူးလွန်ခဲ့မှု ရှိ၊ မရှိကို သိရှိနိုင်ရေးအတွက် ရင်ခွဲစစ်ဆေးချက်အပြင် ဓာတုဝန်ရုံးသို့ လုပ်ထုံးလုပ်နည်း အချက်အလက်များ ပေးပို့ ထားကြောင်း သိရသည်။
    ဓာတုဝန်ရုံး၏ အဖြေရရှိမှုအပေါ် မူတည်၍ လူသတ်မှုအပြင် အခြားကျူးလွန် ပြစ်မှုကိုပါ ဆက်လက်စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။