ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၆ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင် တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ တိုးမြစ်၏ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ရက် နံနက်ပိုင်းမှစ၍ အလျား (၃၀၀)ပေ၊ အနံ (၄၅) ပေခန့် တာကိုယ်ထည်တိုက်စား ကာ အိပဲ့ကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တာကိုယ်ထည်တိုက်စားခံရမှုအပေါ် ယာယီကာကွယ်နိုင်ရန်အတွက် တာကိုယ်ထည်တိုက်စားမှု ဖြစ်ပေါ်ခဲ့သည့်နေရာအား တာမိုင် (၁၁/၅)နှင့် (၁၁/၆)ကြား ယာယီ ပန်းတာ တည်ဆောက်ခြင်း၊ ဆည်မြောင်းမူရင်းတာ တာမိုင် (၁၁/၆ + ၃၀၀) မှ (၁၁/၇ + ၆၀၀) အတွင်း ခန့်မှန်းလျာထား အလျား (၇၀၀)ပေ အား သဲအိတ်များဖြင့် တာခြေ ထောက်ခြင်း၊ ဆည်မြောင်းတာ အတွင်းဘက်ခြမ်း တာမိုင် (၁၁/၆ + ၃၀၀) မှ တာ မိုင် (၁၁/၇ + ၆၀၀)ထိ ပန်းတာတည်ဆောက်ခြင်း၊ မြစ်ကမ်းထိန်းလုပ်ငန်းဖြစ်သည့် porcupine ချထားခြင်း၊ ကမ်းပြိုကာကွယ်ရေးသုံး Geotextine ခင်းခြင်း၊ Steel Cable Groyne ၂-ချောင်း ဆောင်ရွက်ခြင်းနှင့် ရေလည်သောင်တူးခြင်းလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
