ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်ရှိMr.DaddyHotPot&Grillဟော့ပေါ့ဆိုင်၌ဆိုင်ရှင်အားဓားဖြင့်ထိုး၍လုယက်မှုကျူးလွန်ခဲ့သူတရားခံအမျိုးသား၄ဦးအားသက်သေခံပစ္စည်းများနှင့်အတူဖော်ထုတ် ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Mr. Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်၌ စက်တင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ဆိုင်ရှင်ဖြစ်သူ ဒေါ်ဖြိုးဇာလတ် (၃၁)နှစ်သည် ဆိုင်ဝန်ထမ်းများနှင့်အတူ ဆိုင်သိမ်းနေစဉ် MASK တပ်ထားသည့် အမျိုးသား ၄ ဦးမှ ဆိုင်အတွင်းဝင်ရောက်လာပြီး ဓားဖြင့်ခြိမ်းခြောက်၍ Iphone 16 pro အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ Redmi Note 7 အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ Oppo အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ငွေ ၁၀ သိန်းကျပ်ခန့်နှင့် အသုံးအဆောင်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေ ၆၉ သိန်းကျပ်ခန့်အား လုယက်ယူဆောင်ကာ ဆိုင်ရှင်ဖြစ်သူ ဒေါ်ဖြိုးဇာလတ်အား ဓားဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်ဖြိုးဇာလတ်တွင် ထိုးသွင်းဒဏ်ရာ ၃ ချက်ရရှိခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူတရားခံ များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဘုရင့်နောင်နယ်မြေရဲစခန်း(ပ)၁၉၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့်စုံစမ်း ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်း များအား စစ်ဆေးဆောင်ရွက်ခြင်း၊ နယ်မြေသတင်းရယူစုံစမ်းခြင်းများဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြစ်မှုကျူးလွန်သူတရားခံ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၁) ရပ်ကွက်နေ ဆိုင်မွန်စွန်ကျဲထန်း(၂၉)နှစ်အား အဆိုပါရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ကောင်းဓမ္မာရုံလမ်းထောင့်၌ လည်းကောင်း၊ တစ်ရပ်ကွက်တည်းနေ တရားခံ ခန့်လင်းထွဋ် (၃၂)နှစ်နှင့် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်နေ တရားခံ ထက်အောင်(ခ)ဖိုးဂျိမ်း(၂၈)နှစ်တို့ နှစ်ဦးအား အမှတ်(၁၁)ရပ်ကွက်ရှိ ပုဂံလမ်းမပေါ်၌ လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် အရိုးအသွား ၁၀ လက်မခန့်ရှိ ဆန်ထိုးပိုက် ၁ ချောင်းနှင့် လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် Oppo အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးတို့ဖြင့်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်နေ အေးမျိုးကျော် (ခ)ပါကညော (၂၃)နှစ်အား ၎င်း၏နေအိမ်၌လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဆိုင်မွန်စွန်ကျဲထန်း၊ခန့်လင်းထွဋ်၊ထက်အောင်(ခ)ဖိုးဂျိမ်းနှင့် အေးမျိုးကျော် (ခ)ပါကညော တို့ ၄ ဦးကို စစ်ဆေးခဲ့ရာ ၎င်းတို့သည် စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ “သီတာရေစင်” အအေးခန်းဧည့်ရိပ်သာ၌ ရောက်ရှိတည်းခို နေထိုင်ခဲ့ကြပြီး ငွေကြေးလိုအပ်ချက်အရ အမှတ်(၁)ရပ်ကွက်၊ အလောင်းဘုရားလမ်းရှိ Mr.Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်အား ဝင်ရောက်လုယက်ရန်တိုင်ပင်ခဲ့ကြကြောင်း၊ ထို့နောက် ညပိုင်းဟော့ပေါ့ ဆိုင်သိမ်းချိန်တွင် သွားရောက်ခဲ့ကြပြီး ဆိုင်ရှင်နှင့်ဝန်ထမ်းများအား အသင့်ပါလာသော ဆန်ထိုးပိုက် ဖြင့်ခြိမ်းခြောက်၍ ထက်အောင်(ခ)ဖိုးဂျိမ်းမှ ဆိုင်ရှင်အမျိုးသမီးအား ဆန်ထိုးပိုက်ဖြင့် ၃ ချက်ထိုး၍ လက်ကိုင်ဖုန်း ၃လုံး နှင့် ငွေ ၁၀ သိန်းကျပ်အား လုယက်ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်တွင် မရမ်းကုန်းမြို့နယ်ရှိ Mr. Daddy Hot Pot & Grill ဟော့ပေါ့ဆိုင်၌ ဆိုင်ရှင်အား ဓားဖြင့်ထိုး၍ လုယက်ခဲ့သူ တရားခံ ထက်အောင်(ခ)ဖိုးဂျိမ်းပါ အမျိုးသား ၄ ဦးအား လုယက်မှု ကျူးလွန်ရာမှ ရရှိခဲ့သည့် Oppo အမျိုးအစားလက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများ ဆက်လက်သိမ်းဆည်းနိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
