ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၄ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင် တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ တိုးမြစ်၏ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ရက် နံနက်ပိုင်းမှစ၍ အလျား (၃၀၀)ပေ၊ အနံ (၄၅) ပေခန့် တာကိုယ်ထည်တိုက်စား ကာ အိပဲ့ကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တာကိုယ်ထည်တိုက်စားခံရမှုအပေါ် ယာယီကာကွယ်နိုင်ရန်အတွက် တာကိုယ်ထည်တိုက်စားမှု ဖြစ်ပေါ်ခဲ့သည့်နေရာအား တာမိုင် (၁၁/၅)နှင့် (၁၁/၆) ကြား ယာယီပန်းတာ တည်ဆောက်ခြင်း၊ မြစ်ကမ်းထိန်းလုပ်ငန်းဖြစ်သည့် porcupine ချထားခြင်း၊ မြစ်ကမ်းပါး ရေတိုက်စားမှုဒဏ် ကာကွယ်ရန်နှင့် ကမ်းပါးမြေ မပြိုကျ စေရန် ထိမ်းသိမ်းခြင်းလုပ်ငန်းဖြစ်သည့် ဝါးကရစ်ကွက် ရိုက်ခြင်းလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

