ပညာရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

Sunday, September 6, 2026 - 16:00

 

ပညာရည်မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်၊ စက်တင်ဘာ ၄

 

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ပညာရေးကျောင်းများ၏ ပညာရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း(နေပြည်တော်)ရှိ ခန်းမ၌ ပြုလုပ်ရာ ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ရဲရင့်အောင် နှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ၊ တပ်မတော်ပညာရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တပ်မတော် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိများ၊ ဆရာ၊ ဆရာမ များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ရဲရင့်အောင် က တပ်မတော်ပညာရေးကျောင်းများ ပညာရည်တိုးတက် မြင့်မားရေးဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က နှုတ်ခွန်းဆက် အမှာစကား ပြောကြား သည်။­­­­­­­­­­­

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများနှင့် တက်ရောက်လာကြသည့် တာဝန်ရှိသူများက ကျောင်းနေအရွယ် မူလတန်း၊ အလယ်တန်း၊ အထက်တန်း လူငယ်မောင်မယ်များအား ပညာသင်ယူမှု အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေးအတွက် TC(ကျောင်းပြောင်းလက်မှတ်)များ ပျောက်ဆုံးခြင်း၊ ထုတ်မရခြင်းနှင့် ထောက်ခံစာမရရှိနိုင်ခြင်း စသည့် အခက်အခဲများ အား ညှိနှိုင်းဖြေရှင်း၍ အခြားကလေးများနည်းတူ ပညာဆက်လက် သင်ကြားနိုင်ရေး ပညာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အခြေခံပညာကျောင်းများတွင် သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးခဲ့သော အဆောက်အဦ၊ ရေ၊ မီး၊ မိလ္လာ၊ သင်ထောက်ကူ ပစ္စည်းများနှင့် ရုံးသုံးပစ္စည်းများအား အချိန်နှင့်တစ်ပြေးညီ ပြုပြင်ဖြည့်ဆည်း ဆောင် ရွက်ပေးနိုင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ကျောင်းဝန်ထမ်းများအနေဖြင့် ပုဂ္ဂိုလ် ရေးပိုင်းနှင့် သင်ကြားရေးပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် အဆင်မပြေမှုများကြောင့် ကျောင်း ဂုဏ်သိက္ခာ ထိခိုက်စေရန်ရည်ရွယ်၍ တာဝန်ဝတ္တရား ပျက်ကွက်ခြင်း၊ စည်းကမ်းမလိုက်နာခြင်း၊ တရားမဝင်မီဒီယာများတွင် လုပ်ကြံသတင်းပေးခြင်းများ ကြောင့် မလိုလားအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များ ဖြစ်ပွားလျက်ရှိသောကြောင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအရ အရေးယူဆောင်ရွက်နိုင်မည့် လုပ်ထုံးလုပ်နည်း များ၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်မှ ကူညီပံ့ပိုးပေးနိုင်ရန် ဆရာကိုင်သင်ကြားမှု အထောက်အကူပြုစနစ် ပြုလုပ်ရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိ သည့် Grade-3 to Grade-12 သင်ခန်းစာများအား ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနများသို့ ဖြန့်ဝေပေး လျက်ရှိရာ ပညာသင်နှစ် အလိုက်ပြောင်းလဲသည့် သင်ခန်းစာများအား အချိန်နှင့် တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရေး ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေး နိုင်မည့်အခြေအနေများ၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား စာမေးပွဲဆိုင်ရာ ဖြေဆိုနည်းများနှင့် အမှတ်ပေးစည်းမျဉ်းများ အား သိရှိနိုင်စေရေးအတွက် သက်ဆိုင်ရာ တက္ကသိုလ်များရှိ ပါမောက္ခများမှ ရက် အနည်းငယ်အတွင်း အနီးကပ်သင်ကြားပို့ချခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား/ ကျောင်းသူအများစုအနေဖြင့် အချိန်တိုအတွင်း နားလည်နိုင်မှုမရှိသဖြင့် ဖြည့်ဆည်း သင်ကြားပေးနိုင်ရေးအတွက် အထက်တန်းအဆင့်သင် ဆရာ/ဆရာမများ အား သင်တန်းဖွင့်လှစ်ပို့ချသင်ကြားပေးစေခြင်းများ ဆောင်ရွက်ပေးနိုင်မှု ရှိ/မရှိ အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် အသီးသီး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ရဲရင့်အောင် က နိဂုံးချုပ်အမှာစကားပြောကြားပြီး ပညာရေး ဝန်ကြီးဌာနမှ ဆရာ၊ ဆရာမကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် ၍ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။