တပ်မတော်ဆေးရုံများနှင့်ဆေးတပ်ရင်းများ၌တက်ရောက်ဆေးကုသမှုခံယူနေသူများအားကြည့်ရှုအားပေး
နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၄ ရက်
တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှု များ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေး ရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအပြင် သံဃာ တော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ နန်းမြို့တွင်းရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာ များနှင့် ချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ထို့နောက် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

