၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲများတွင်ထူးချွန်စွာအောင်မြင်ခဲ့သောတပ်မတော်  (ကြည်း၊ရေ၊လေ)မှကျောင်းသား/ကျောင်းသူများနှင့်အုပ်ထိန်းသူမိဘများနေပြည်တော်ရှိအထင်ကရနေရာများကို သွားရောက်လေ့လာ

Friday, September 4, 2026 - 15:30

 

၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲများတွင်ထူးချွန်စွာအောင်မြင်ခဲ့သောတပ်မတော်(ကြည်း၊ရေ၊လေ)မှကျောင်းသား/ကျောင်းသူများနှင့်အုပ်ထိန်းသူမိဘများနေပြည်တော်ရှိအထင်ကရနေရာများကို သွားရောက်လေ့လာ

 

နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ စက်တင်ဘာ ၃ရက်

 

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေး တက္ကသိုလ် ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သော တပ်မတော် (ကြည်း၊ရေ၊လေ) စစ်သည်များ၊ စစ်မှု ထမ်းဆဲ/စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့် အရပ်သား ဝန်ထမ်းများ၏ သားသမီးများနှင့် အခြေခံပညာ လူရည်ချွန်ဆုရရှိသူများနှင့် မိဘများသည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင်တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင် တော်ပတ်လည်၌ စကျင်ကျောက်များဖြင့် တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း ကြည့်ရှုလေ့လာကြသည်။

ထို့နောက်ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါ ဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် သာသနိကအဆောက်အအုံများကို ဖူးမြော်ကြည်ညိုလေ့လာကြသည်။

မွန်းလွဲပိုင်းတွင် ကျောင်းသား/ ကျောင်းသူများနှင့် မိဘများသည် တပ်မတော်စစ်သမိုင်း ပြတိုက်နေပြည်တော်သို့သွားရောက်လေ့လာကြသည်။ တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) ရှိ တပ်မတော် (ကြည်း၊ ရေ၊ လေ)ပြခန်းများ ၊ လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးပြခန်းများနှင့် ပြင်ပ ပြကွက်များကို လေ့လာကြည့်ရှုကြရာ ပြတိုက်တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြခန်းပြကွက် များနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြောကြားသည်။ ထို့နောက် နိုင်ငံတော်အတွက် မိမိတို့၏ အသက်ကိုပင် စွန့်လွှတ်စွန့်စားစွာ ပေးဆပ်ခဲ့ကြသည့် အမွန်မြတ်ဆုံး တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီကို မော်ကွန်းတင် ကမ္ပည်းရေးထိုး ထားရှိသည့် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ သွားရောက်ဂါရဝပြုအလေးပြုကြကြောင်း သတင်းရရှိသည်။