ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်(၆) မြို့နယ်ရှိ ရပ်ကွက် (၁၉)ခုနှင့် ကျေးရွာအချို့ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သဖြင့်ကူညီကယ်ဆယ်ရေးနှင့်တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတ

Friday, September 4, 2026 - 15:00

 

ငဝန်မြစ်ရေကာတာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်(၆) မြို့နယ်ရှိ ရပ်ကွက် (၁၉)ခုနှင့် ကျေးရွာအချို့ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သဖြင့်ကူညီကယ်ဆယ်ရေးနှင့်တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေး လျက်ရှိ

 

နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၃ ရက်

 

        ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ် ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများ အတွင်းရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက် မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော် နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

ထိုသို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သော်လည်း မြို့၊ ရွာ၊ ရပ်ကွက်များသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့ များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား စားသောက် ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဝိုင်းဝန်းကူညီဆောင်ရွက် ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများ အသုံးပြုရန် Geobags သဲအိတ်ကြီး များချခြင်း၊ မျောတုတ်တန်း များ အတွင်း သဲအိတ်များ ဖြည့်၍ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်းစသည့် ငဝန်ပန်းတာတမံနိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေး လုပ်ငန်းများကို စက်ယန္တရား များနှင့် လုပ်အားစုများ အသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှု တားဆီးကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို  အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။