န်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ “ကိုကိုနှင့်ညီညီ’’ လျှပ်စစ်ပစ္စည်းဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသား ငါး ဦး၊ အမျိုးသမီး တစ် ဦး တို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

Thursday, September 3, 2026 - 06:15

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ “ကိုကိုနှင့်ညီညီ’’ လျှပ်စစ်ပစ္စည်းဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသား ငါး ဦး၊ အမျိုးသမီး တစ် ဦး တို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၃

          ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၄ နာရီအချိန်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက်ရှိ “ကိုကိုနှင့်ညီညီ” လျှပ်စစ်ပစ္စည်းဆိုင်တွင်  မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား ၃ ဦးမှ သေနတ်ပြခြိမ်းခြောက်၍ ဆိုင်ဝန်ထမ်း အမျိုးသမီး ၃ ဦးအား တိပ်အဝါဖြင့် လက်နောက်ပြန် ချည်နှောင်ကာ နေအိမ်ဆိုင်အတွင်းရှိ မီးခံသေတ္တာနှင့် ဘီရိုအတွင်းမှ စာရွက်စာတမ်းများ၊ ရွှေထည်/စိန်ထည်ပစ္စည်းမျိုးစုံ၊ ငွေသိန်း ၅၀ ကျပ် စုစုပေါင်းတန်ဖိုးငွေ        သိန်း ၅၀၈၅၀ ကျပ်ခန့်အား လုယက်ယူဆောင်သွားခဲ့ကြောင်းသတင်းအရ  စစ်ကဲကုန်းနယ်မြေရဲစခန်း(ပ)၁၁၀/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများဖမ်းဆီးရမိရေး ဆောင်ရွက် ခဲ့သည်။

          လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်း များရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံ မော်လမြိုင်မြို့နယ်၊ ဇေယျာမြိုင်ရပ်ကွက်နေ စန်းအေး(၅၃)နှစ်အား ဩဂုတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ၎င်း၏နေအိမ်၌ လုယက်မှုကျူးလွန်ရာမှ ရရှိသည့် ရွှေထည်ပစ္စည်း(၇)မျိုး နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိတရားခံ စန်းအေး ၏ထွက်ဆိုချက်အရ  ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင် သူများဖြစ်ကြသည့် မော်လမြိုင်မြို့နယ်၊ ကျွဲခြံကုန်းရပ်ကွက်နေ တရားခံ ထွန်းချေ(ခ)ရခိုင် (၆၉)နှစ်အား ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ၎င်း၏နေအိမ်၌လည်းကောင်း၊ ကျိုက်မရော မြို့နယ်၊ ကြခတ်ကုန်းကျေးရွာနေ တရားခံ ကျော်တင့်(ခ)စောဖိုးကျော်(၃၄)နှစ်အား စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် ၎င်း၏နေအိမ်၌ လည်းကောင်း၊ စက်တင်ဘာ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျိုက်မရောမြို့နယ်၊ ကြခတ်ကုန်းကျေးရွာနေ မင်းထက်သာ(၂၅)နှစ် ၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကျုံမရေးကျေးရွာနေ မင်းကိုကို(၂၆)နှစ်နှင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ ဗုဒ္ဓရပ်ကွက်နေ စောတင်ရဲအောင်(ခ)ကရင်(ခ)ကတုံး(၃၈)နှစ်တို့ ၃ ဦးအား ကျိုက်မရောမြို့နယ်၊ ကြခတ်ကုန်းကျေးရွာရှိ မင်းထက်သာ၏နေအိမ်၌ လုယက်မှုကျူးလွန်ရာမှရရှိသည့် မီးခံသေတ္တာနှင့် ရွှေထည်/စိန်ထည်/ပုလဲပစ္စည်းမျိုးစုံ(၁၂)မျိုးတို့နှင့်အတူ  အသီးသီးဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိတရားခံများဖြစ်ကြသည့် စန်းအေး၊ ထွန်းချေ(ခ)ရခိုင်၊ ကျော်တင့်(ခ)စောဖိုးကျော်၊ မင်းထက်သာ၊ မင်းကိုကိုနှင့် စောတင်ရဲအောင်(ခ)ကရင်(ခ)ကတုံးတို့ ၆ ဦး၏ စစ်ဆေးချက်အရ တရားခံ စန်အေးသည် မြေအရောင်းဝယ်လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး “ကိုကိုနှင့်ညီညီ” လျှပ်စစ် ပစ္စည်းဆိုင်သို့  အမြဲတမ်းဝင်/ထွက်သွားလာလေ့ရှိသူဖြစ်ကြောင်း၊ ငွေကြေးလိုအပ်ချက်အရ ခင်မင် ရင်နှီးသူ တရားခံ ထွန်းချေ(ခ)ရခိုင်၏ ချိတ်ဆက်ပေးမှုဖြင့် ဩဂုတ်လ ၂၇ ရက်နေ့ည ညပိုင်းတွင် မော်လမြိုင်မြို့၊ ရွှေသံလွင်စားသောက်ဆိုင်၌  တရားခံ စောတင်ရဲအောင်(ခ)ကရင်(ခ)ကတုံး၊ ကျော်တင့်(ခ)စောဖိုးကျော်၊ မင်းထက်သာ၊  မင်းကိုကိုတို့နှင့် တွေ့ဆုံခဲ့ပြီး စန်းအေးမှ ဦးဆောင် စီစဉ်ကာ“ကိုကိုနှင့်ညီညီ” လျှပ်စစ်ပစ္စည်းဆိုင်အား လုယက်မှုကျူးလွန်ရန် တိုင်ပင်ခဲ့ကြသည်။

          ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စန်းအေးနှင့် ကျော်တင့်(ခ)စောဖိုးကျော်တို့မှ ဆိုင်အနီး ပတ်ဝန်းကျင်အား ဆိုင်အပြင်မှနေ၍ စောင့်ကြည့်ပေးခဲ့ပြီး တရားခံ စောတင်ရဲအောင်(ခ)ကရင်(ခ) ကတုံးမှ သံတူရွင်းကိုင်ဆောင်ကာ မင်းထက်သာနှင့် မင်းကိုကိုတို့မှ ပစ္စတိုသေနတ် ၁ လက်စီ ကိုင်ဆောင်၍ မျက်နှာဖုံးစွပ်ကာ “ကိုကိုနှင့်ညီညီ” လျှပ်စစ်ပစ္စည်းဆိုင်ကပ်လျက်ရှိ ဆောက်လက်စ အဆောက်အဦ ငြမ်းပေါ်မှတစ်ဆင့် တွယ်တက်ခဲ့ပြီး အပေါ်ထပ်သံတံခါးအား ဖျက်၍ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် ဆိုင်ဝန်ထမ်းအမျိုးသမီး ၃ ဦးအား သေနတ်ပြခြိမ်းခြောက်၍ တိပ်အဝါဖြင့် လက်နောက်ပြန်ချည်နှောင်ခဲ့ပြီးနောက်  မီးခံသေတ္တာနှင့်ရွှေထည်ပစ္စည်းများ ထည့်ထား သည့် အထုပ်တစ်ထုပ်တို့အား လုယက်ယူဆောင်ခဲ့ကြကြောင်း၊ လုယက်မှုကျူးလွန်ရာမှရရှိခဲ့သည့် ရွှေထည်ပစ္စည်းများထည့်ထားသောအထုပ်အား  စန်းအေးမှ လည်းကောင်း၊ စောတင်ရဲအောင်(ခ)ကရင် (ခ)ကတုံး၊ ကျော်တင့်(ခ)စောဖိုးကျော်၊ မင်းထက်သာနှင့် မင်းကိုကိုတို့ ၄ ဦးမှ မီးခံသေတ္တာအား လည်းကောင်း  အသီးသီး ခွဲဝေယူဆောင်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။

          ဖြစ်စဉ်တွင် မော်လမြိုင်မြို့ရှိ “ကိုကိုနှင့်ညီညီ’’ လျှပ်စစ်ပစ္စည်းဆိုင်အား သေနတ်ပြ ခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ စန်းအေးပါတရားခံ ၆ ဦးတို့အား ရွှေထည်ပစ္စည်းမျိုးစုံ (၁၉)မျိုးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများဆက်လက်သိမ်းဆည်းနိုင်ရေး နှင့် ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။