ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် နေပြည်တော်၊ ဇူလိုင် - ၁၆

Friday, July 16, 2021 - 17:00

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၁၆
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် “ကန့်သတ်စောင့်ကြည့်ရမည့်သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တပ်ရင်း/တပ်ဖွဲ့ အသီးသီး၌ ပြင်ဆင်ဆောင်ရွက် ထားရှိရမည် ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင် လျက်ရှိသည်။ ထို့ပြင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိ ပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထိုသို့ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၁၀ ဦးနှင့် အမျိုးသမီး ၇၇ ဦး စုစုပေါင်း ၁၈၇ ဦးအားလည်းကောင်း၊ ဉတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၂၃ ဦးအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေးလူနာ အမျိုသား ၄၇၆ ဦးနှင့် အမျိုးသမီး ၂၈၇ ဦး စုစုပေါင်း ၇၆၃ ဦးအားလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၁၈၅ ဦးနှင့် အမျိုးသမီး ၈၂ ဦး စုစုပေါင်း ၂၆၇ ဦးအားလည်းကောင်း အသီးသီး လက်ခံထားရှိကြောင်း သိရှိရသည်။
အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင် ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင့် သတင်း ရရှိသည်။