ကလေးမြို့နယ်၊ ဖောင်ကူးကျေးရွာ နှင့် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ကူညီကယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေ

Wednesday, September 2, 2026 - 10:00

ကလေးမြို့နယ်၊ ဖောင်ကူးကျေးရွာ နှင့် တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ကူညီကယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော်၊ စက်တင်ဘာလ ၂

          စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကလေး မြို့နယ်ရှိ နရဉ္ဇရာချောင်းမှ ချောင်းရေလျှံခြင်းများဖြစ်ပေါ်ပြီး ဖောင်းကူးကျေးရွာအတွင်း  ရုတ်တရက် ချောင်းရေများဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည်။

          ထို့ကြောင့် အဆိုပါကျေးရွာမှ ဒေသခံပြည်သူများအား ရေးဘေးလွှတ်ရာသို့ ပြောင်းရွှေ့ နေထိုင်နိုင်ရန်အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ နှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများကို ကလေးမြို့၊ မြို့တော်ခန်းမနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတို့၌ ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်၍ ရွှေ့ပြောင်းပေးလျက်ရှိပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

          ထို့ပြင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ နေ့လယ်ပိုင်းတွင် ခိုင်ကမ်းမြို့ရှိ ဆည်ကြီးချောင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး ရေတိုက်စား၍ ချောင်းကမ်းပါးပြိုကျကာ အမှတ်(၁)ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ၎င်းအနီးရှိ နေအိမ်(၁)လုံးရေစီးနှင့် မျောပါသွားခဲ့ကြောင်းသိရသည်။ အဆိုပါ ချောင်းရေကြီးမှုကြောင့် ခိုင်ကမ်း မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုမရှိကြောင်း၊ လူ၊ တိရိစ္ဆာန် သေဆုံးထိခိုက်မှု မရှိ ကြောင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အဖွဲ့များက စနစ်တကျ စုဖွဲ့စောင့်ကြည့်လျက်ရှိကြောင်း သတင်းရရှိသည်။