တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများ၊ဆရာ ၊ ဆရာမများ သွားရောက်လေ့လာ
နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၂
ကျောင်းသား လူငယ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံတော်သမိုင်းနှင့် တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ ယှဉ်တွဲ လေ့လာနိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်ရှုခင်းများကို ကြည့်ရှု၍ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ကျန်းမာသန်စွမ်းစွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ (နေပြည်တော်)၊ တပ်ကုန်းမြို့နယ်ရှိ အမှတ် (၁)အခြေခံအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် စိတ်အားထက်သန်စွာဖြင့် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့လာရောက် လေ့လာကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်း ရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက် ၏ သမိုင်း၊ ရဲဘော်သုံးကျိပ် သမိုင်း၊ ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များသမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာ ခဲ့ကြပြီး သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းကြသည်။
ဆက်လက်၍ ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော်(ကြည်း) ပြင်ပကွက်တွင် ဒုတိယကမ္ဘာစစ်နှင့် စစ်ပြီးကာလတို့တွင် အသုံးပြုခဲ့သော အမြောက် နှင့် သံချပ်ကာများ၊ တပ်မတော်(ရေ) ပြင်ပပြကွက်တွင် စစ်ရေယာဉ်ပုံစံတူများနှင့် အမြောက် များ၊တပ်မတော်(လေ)ပြင်ပပြကွက်တွင် ခေတ်အဆက်ဆက်အသုံးပြုခဲ့သော တပ်မတော် လေယာဉ်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကိုမေးမြန်း ကြရာ ပြခန်းတာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြကြောင်းသိရသည်။
ထို့အပြင် ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက်များကို မှန်ကန်စွာဖြေဆို နိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု နှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ဆုအဖြစ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

