ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ ၂၀၂၆ စက်တင်ဘာ ၁ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင် တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ တိုးမြစ်၏ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ရက် နံနက်ပိုင်းမှစ၍ အလျား (၃၀၀)ပေ၊ အနံ (၄၅) ပေခန့် တာကိုယ်ထည်တိုက်စား မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တာကိုယ်ထည်တိုက်စားခံရမှုအပေါ် ယာယီကာကွယ်နိုင်ရန်အတွက် မူလ ပန်းတာ တာမိုင် (၁၁/၆)နှင့် (၁၁/၇) ကြား Bund Slope အခြေ သဲအိတ်ထောက်ခြင်း၊ တာမိုင် (၁၁/၅)နှင့် (၁၁/၆) ကြား ယာယီပန်းတာ တည်ဆောက်ခြင်း၊ မြစ် ကမ်းထိန်း လုပ်ငန်းဖြစ်သည့် porcupine ချထားခြင်း လုပ်ငန်းများကို နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စက်ယန္တရားများဖြင့် အင်တိုက် အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

