တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်ထက် ကျော်လွန်၍ ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိ

Tuesday, September 1, 2026 - 09:15

 

 တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်ထက် ကျော်လွန်၍ ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ စက်တင်ဘာ ၁ ရက်

            တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင်၊ တနင်္သာရီမြို့၌ ၂၀၂၆ခုနှစ်၊ ဩဂုတ် ၃၀ ရက်နှင့် ၃၁ရက်များတွင် မိုးသည်းထည်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေ အမှတ်သည် (၂၅)ပေ(၇)လက်မသို့ ရောက်ရှိလာပြီး တနင်္သာရီမြို့၏  စိုးရိမ်ရေမှတ်(၁၇)ပေ အထက် (၈) ပေ (၇) လက်မကျော်လွန်ရောက်ရှိကာ အန္တရာယ်ရေအမှတ် (၂၄)ပေအထက် (၁)ပေ (၇)လက်မသို့ရောက်ရှိခဲ့ခြင်းကြောင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ ဘေးလွတ်ရာသို့ ပြောင်း ရွေ့နေထိုင်ရန် ယာယီကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ထားရှိ၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။

        အဆိုပါ ယာယီကယ်ဆယ်ရေးစခန်းများတွင် ယာယီနေထိုင်လျက်ရှိသည့် ဒေသခံ ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ အရေးပေါ်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရေး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတ အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍  စားသောက်ဖွယ်ရာများ လိုက်လံပို့ ဆောင်ပေးခြင်း၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခြင်းတို့ကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တနင်္သာရီတပ်နယ် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။