နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသည့် ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၃၁
နိုင်ငံတော် တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေး တာဝန်များကိုသက်စွန့်ကြိုးပမ်းထမ်းဆောင်ပြီးပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြိး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ နယ်မြေခံ တပ်ရင်း၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ် နှင့် တာဝန်ရှိသူများ၊ ရဟန်းသံဃာတော်များ၊ အနုပညာရှင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက လှိုက်လှဲ ဝမ်းသာစွာ ဂုဏ်ပြုကြိုဆိုကြသည်။
နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်း သာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေ ရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာ များတွင် စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက် လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့် လည်းကောင်း သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။ ထို့နောက် တိုင်းမှူးက အောင်ပွဲရရှေ့တန်း ပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

