ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်(၆) မြို့နယ်ရှိ ရပ်ကွက် (၁၉)ခုနှင့် ကျေးရွာအချို့ ရေဝင်ရောက်မှုဖြစ်ပွား၊ ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၃၀ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ် ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများ အတွင်းရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက် မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော် နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
ထိုသို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သော်လည်း ရေကြည်မြို့နယ်၌ ဩဂုတ် ၂၄ ရက်တွင် ၁၁ ပေ ၂ လက်မခန့်ထိအမြင့်ဆုံး ဝင်ရောက် ခဲ့ပြီး ယနေ့တွင် ၈ ပေ ၁၁ လက်မခန့်သာ ကျန်ရှိတော့သဖြင့် ၂ပေ ၃ လက်မခန့် ဆက်လက် ကျဆင်းသွားခဲ့ ကြောင်းနှင့် ငသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၂၃ ရက်တွင် ၁၀ ပေ ၉ လက်မခန့်ထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၉ ပေ ၁ လက်မခန့်သာကျန်ရှိ သဖြင့် ၁ပေ ၈ လက်မခန့်အထိကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဒေသများရှိရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရ၏ လမ်း ညွှန်မှုနှင့်အတူ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး အရေးပေါ်ကူညီ ကယ်ဆယ်နိုင်ရေးအတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ စားသောက်ဖွယ်ရာ များ လိုက်လံပို့ဆောင် ပေးခြင်း၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ရေပြန်လည်ကျဆင်းသွားသည့် လေးမျက်နှာမြို့နယ်၊ ကုန်းစုကျေးရွာ အခြေခံပညာမူလတန်းကျောင်း ၊ ကျောင်းဝန်းအတွင်းရှိ စာသင်ခန်းများ၊ အဆောက် အဦများ၊ စာသင်ခုံများ ၊ လူသွားစင်္ကြန်များတွင် တင်ကျန်ခဲ့သည့် နှုံးများ ၊ အမှိုက်များ အား ရှင်းလင်းဆောင်ရွက်ပေးခြင်း၊ ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ် နိုင်ရန်အတွက် နည်းပညာများ အသုံးပြုရန် Geobags သဲအိတ်ကြီး များချခြင်း၊ မျောတုတ်တန်း များအတွင်း သဲအိတ်များ ဖြည့်၍ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်းစသည့် ငဝန်ပန်းတာတမံနိမ့်ကျနေရာများ ပြန်လည် ခိုင်မာရေးလုပ်ငန်း များကို စက်ယန္တရားများနှင့် လုပ်အားစုများ အသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှု တားဆီးကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

