မှော်ဘီမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ  သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့်  ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် နေပြည်တော်၊ ၂၀၂၆  ဩဂုတ်လ ၂၉ ရက်

Saturday, August 29, 2026 - 08:45

မှော်ဘီမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ  သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့်  ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆  ဩဂုတ်လ ၂၉ ရက်

              တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မား စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ထိန်စွန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများ အား အဆိုပါကျေးရွာရှိ ထိန်စွန်းကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

              ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၇ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၂ ပါး နှင့် ဒေသခံပြည်သူ ၁၄၁ ဦးတို့အား အရိုးအကြောရာဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

              အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ဧရာဦး ဓမ္မာရုံ၌  အခြေပြု၍  အဆိုပါရပ်ကွက်ရှိ ဒေသခံပြည်သူ ၁၆၇ ဦးတို့အား သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ မီးယပ်ရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေး ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ဆေးကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။

              ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ် များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။