တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

Saturday, August 29, 2026 - 06:30

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ သွားရောက်လေ့လာ

နေပြည်တော်  ဩဂုတ်  ၂၉

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား လူငယ်များ နိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏သမိုင်းကြောင်းများ ကိုသိရှိပြီး အသိပညာဗဟုသုတများစွာရရှိစေရန်၊ တပ်မတော်၏ လုပ်ငန်းဆောင်ရွက် ချက်များ၊ တပ်မတော်တည်ဆောက်မှုများ၊ တီထွင်ဆန်းသစ်မှုများကို ကြည့်ရှုလေ့လာ ပြီး အနာဂတ်ရည်မှန်းချက်များ ပေါ်ထွက်လာစေရန်၊တပ်မတော်အကြီးအကဲများ၏ နိုင်ငံတော်နှင့်တပ်မတော်အပေါ်ထားရှိသောစေတနာနှင့် နိုင်ငံတော်ရှေ့ဆက်သွားမည့် ရည်မှန်းချက်များကိုသိရှိစေရန်၊ မျိုးချစ်စိတ်ဓာတ်များရှင်သန်ထက်မြက်လာစေပြီး အားကျအတုယူလိုသည့်စိတ်များဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/ကျောင်းသူ တစ်ဦးချင်းစီ၏ ပြင်ပလေ့လာမှတ်သားနားလည်မှု စွမ်းရည်တိုး တက်လာပြီး ပတ်ဝန်းကျင်ရှုခင်းများကြည့်ရှု့ရင်း စိတ်ကြည်လင်လန်းဆန်းမှုရရှိစေပြီး သင်ကြားမှု၊ သင်ယူမှုများပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ Naypyitaw State Academyမှ ကျောင်းသား၊ကျောင်းသူများ၊ဆရာ၊ဆရာမများ၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာအလယ်​တန်းကျောင်း(ရွာသစ်ကုန်း)မှ ကျောင်း သား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည်  ယနေ့တွင် တပ်မတော်စစ်သမိုင်း ပြတိုက် (နေပြည်တော်)သို့လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)အတွင်းရှိ ခေတ်အဆက်ဆက်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်များ၏ ရုပ်ထုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာ ကြပြီးမြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားရာ  စစ်သမိုင်းပြတိုက် အတွင်းရှိရှေးမြန်မာမင်းများ အသုံးပြုသည့်ပစ္စည်းများ၊ ရှေးမြန်မာမင်းများ၏ စစ်အင်္ဂါ လေးပါးဖြင့် စစ်ထွက်တော်မူပုံပြသထားရှိမှုများ၊ ရှေးခေတ်မြန်မာ့တပ်မတော်သုံးပစ္စည်း များနှင့် သမိုင်းကြောင်းများကိုလည်းကောင်း၊ တပ်မတော် (ရေ) ပြခန်းတွင် မြန်နိုင်ငံ အတွင်းရှိ ပင်လယ်ပြင်ဧရိယာအကျယ်အဝန်းနှင့် ရေပိုင်နက်နယ်နမိတ်ပြကွက်၊ ရှေးခေတ် မြန်မာ့ရေတပ်၊ ဂျပန်ခေတ်မြန်မာ့ရေတပ်နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့ရေတပ်မှတ်တမ်းဓာတ်ပုံများ ခေတ်အဆက်ဆက်တပ်မတော် (ရေ)၏သမိုင်း မှတ်တမ်းဓာတ်ပုံများ စစ်ရေယာဉ်ပုံစံငယ်များကိုလည်းကောင်း၊ တပ်မတော် (လေ) ပြခန်းတွင် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သောကာကွယ်ရေး ဦးစီးချုပ် (လေ)များ၏ ဓာတ်ပုံမှတ်တမ်းများတပ်မတော် (လေ) ၏ ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများ တပ်မတော်(လေ) ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင် ပါဝင်ဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများ၊ လေသူရဲကောင်းများ မွေးထုတ်ပုံအဆင့်ဆင့် ဓာတ်ပုံမှတ်တမ်း များအပြင်လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်း ကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားသည်။ 

ယင်းနောက် ပြင်ပပြကွက်များအနေဖြင့် ၊ တပ်မတော်(ရေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော စစ်ရေယာဉ်ပုံစံတူများနှင့် တပ်မတော် (လေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသောခေတ်အဆက်ဆက် အသုံးပြုခဲ့သော တပ်မတော်လေ ယာဉ်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြ သည်။

ထို့အပြင် ယနေ့လေ့လာမှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက်များကို မှန်ကန်စွာ ဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများ အဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာ များကို အသီးသီး ဆုအဖြစ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

အင်တာဗျူး(၁)

        ကျွန်မတို့ကတောင်ပါ်ကျောင်း ဆိုတော့ ကလေးတွေလဲ မတွေ့ဖူးမမြင်ဖူးတာတွေ တွေ့ရပါတယ်။ သင်ခန်းစာထဲမှာထက် လက်တွေ့မှာမြင်ရတာဆိုတော့ သူတို့အတွက်ပိုပြီး အဆင်ပြေတာပေါ့။ မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေ အစုံအလင်သိရတယ်။ အဲ့တာကြောင့် လာရောက်လေ့လာခွင့် ရတဲ့အတွက် အရမ်းပျော်ပါတယ်။ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ အများကြီးရတဲ့ အတွက်ဖိတ်ခေါ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့စာသင်ကြားပေးတဲ့နေရာမှာကြတော့ နာမည်တွေပဲသိရတာပါ။ ကျွန်မတို့ သမိုင်းကိုသင်တဲ့အခါမှာ လက်တွေ့မြင်ရတဲ့အတွက် သင်ကြားရေးမှာ အများကြီးအထောက် အကူ ဖြစ်ပါတယ်။

အင်တာဗျူး(၂)

        အခုလိုလာရောက်လေ့လာရတဲ့အတွက် အရမ်းပျော်ပါတယ်။ သမီးတို့မသိသေးတဲ့ ဗဟုသုတတွေလည်း အများကြီးသိရပါတယ်။ ကျောင်းမှာဆိုရင် စာတွေပဲသင်ရပြီး အခုဆိုရင် လက်တွေ့ လေ့လာခွင့်ရတဲ့အတွက် သေသေချာချာလေး လေ့လာနိုင်ပါတယ်။ အခုလိုမျိုးလေ့ လာရေးခရီးတွေ လိုက်ပို့ပေးတဲ့အတွက် ကျောင်းစာတွေသင်တဲ့အခါမှာလည်း အထောက်ကူ ဖြစ်ပါတယ်။ အသုံးလည်းဝင်ပါတယ်။ သမီကြီးလာရင် နိုင်ငံတော်ကို အကျိုးပြုမယ့် နိုင်ငံသမီးကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်လို့ သမီးဆုံးဖြတ်မိပါတယ်။ အခုလိုစီစဉ်ပေးတဲ့ အဖက်ဖက်ကတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ပြတိုက်တာဝန်ခံတွေ ဆရာဆရာမ တွေအားလုံးကို ကျေးဇူးတင်ပါတယ်။