(၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ
နေပြည်တော် ဩဂုတ်၊ ၂၈
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲ တတိယနေ့ကို ယနေ့နေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ကြော ရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူ ရှင်ခန်းမ၌ ဆက်လက် ကျင်းပသည်။
ဦးစွာ နံနက်ပိုင်းပြိုင်ပွဲများအဖြစ် ခေတ်ပေါ်တေးအဆိုပြိုင်ပွဲ(အမျိုးသမီး)ကို ပြိုင်ပွဲ ဝင် ၁၉ ဦးက ရူးရူးမိုက်မိုက်အချစ်သီချင်းဖြင့်လည်းကောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအက ပြိုင်ပွဲ(နန်းတွင်းယိမ်း)ကို ပြိုင်ပွဲဝင် အဖွဲ့ ၆ ဖွဲ့ကလည်းကောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲ(တိုင်းရင်းသားယိမ်း)ကို ပြိုင်ပွဲဝင် အဖွဲ့ ၆ ဖွဲ့က လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကြသည်။
မွန်းလွဲပိုင်းတွင်မြန်မာ့ရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ(တစ်ဦးချင်း)(အမျိုးသား)ကို ပြိုင်ပွဲ ဝင် ၁၇ ဦးကလည်းကောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲ(တစ်ဦးချင်း) (အမျိုးသမီး) ကို ပြိုင်ပွဲဝင် ၁၇ ဦးကလည်းကောင်း အသီးသီးကပြ ဖျော်ဖြေယှဉ်ပြိုင်ကြသည်။
အလားတူ ညပိုင်းတွင်နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများက အငြိမ့်နှင့် ပြဇာတ် များကိုပါဝင် ကပြယှဉ်ပြိုင်ကြသည်။ အဆိုပါ ပြိုင်ပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံးရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှတာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင် အနုပညာ ရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက် ကြည့်ရှု အားပေးကြကြောင်း သတင်းရရှိသည်။






