နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ မှ  အဖွဲ့ဝင် အမျိုးသား ၁၃၁ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄၀ ဦး တို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

Friday, August 28, 2026 - 04:30

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ မှ  အဖွဲ့ဝင် အမျိုးသား ၁၃၁ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄၀ ဦး တို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ

နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၂၈

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင် ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘ အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် လက်နက်ခဲယမ်းများနှင့်အတူ ဉပဒေ‌ဘောင်အတွင်းသို့ ထပ်မံဝင်ရောက် လာကြသည်။

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများ ထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့ နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာန ချုပ် ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ် ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြား သည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် ပစ္စတိုသေနတ်(၁)လက်၊ MA-1 သေနတ်(၁)လက်၊ MA-3 သေနတ် (၂)လက်၊ MA-11 သေနတ်(၁)လက်၊ ကေအေသေနတ်(၁)လက်၊ လက်လုပ်သေနတ် (၁)လက်၊ ကျည်အိမ်(၇)ခုနှင့် လက်ပစ်ဗုံးမျိုးစုံ (၁၀)လုံးတို့အား အပ်နှံခဲ့ရာ တိုင်းမှူးက လက်ခံရယူခဲ့ပါသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် သေနတ် (၆) လက်အတွက် ဆုကြေးငွေကျပ် သိန်း ၃၀၀၊ ပစ္စတိုသေနတ် (၁) လက် အတွက် ဆုကြေးငွေကျပ် သိန်း ၂၀ ၊  လက်ပစ်ဗုံးမျိုးစုံ (၁၀)လုံးအတွက် ဆုကြေး ငွေကျပ် သိန်း ၃၀၊ ဥပဒေဘောင်အတွင်း ရောက်လာသူများအတွက် ဆုကြေးငွေ ၄၇ သိန်း ၅ သောင်းကျပ်၊ စုစုပေါင်း ဆုကြေးငွေ ၃၉၇ သိန်း ၅ သောင်းကျပ် နှင့် စာသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူ များကလက်ခံရယူကြ သည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံစနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးကြသည်။

ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှု အနေဖြင့် စစ်ကိုင်းမြို့မှ အမျိုးသား(၅၇)ဦး၊ အမျိုးသမီး(၆)ဦး၊ မုံရွာမြို့မှ အမျိုးသား(၁၄)ဦး၊  ရွှေဘိုမြို့မှ အမျိုးသား(၇)ဦး၊  ရေဦးမြို့မှ အမျိုးသား(၁)ဦး၊ ဝန်းသိုမြို့မှ အမျိုးသား(၃)ဦး၊ ကသာမြို့မှ အမျိုးသား(၄)ဦး နှင့် ကန့်ဘလူမြို့မှ အမျိုးသား(၃)ဦး၊ စုစုပေါင်း အမျိုးသား(၈၉)ဦးနှင့် အမျိုးသမီး(၆)ဦးစုစုပေါင်း(၉၅)ဦးဖြစ်ကြောင်းသိရှိရသည်။

အလားတူ ကလေးမြို့ရှိ အောင်ဆန်းခန်းမ၌ ဥပဒေဘောင်အတွင်း ဝင်ရောက် လာကြသူများအား မိဘအုပ်ထိန်းသူများ ထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ကျင်းပ ပြုလုပ်ရာ တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ် ထိန်းသူများ တက်ရောက်ကြသည်။

            အဆိုပါအခမ်းအနား၌ ဥပဒေဘောင်အတွင်းဝင်ရောက်လာကြသူများအနေဖြင့် ဟားခါးမြို့မှ အမျိုးသား(၁)ဦး၊  ကလေးမြို့မှ အမျိုးသား(၂၅)ဦး အမျိုးသမီး(၂)ဦး၊  မော်လိုက်မြို့မှ အမျိုးသား(၁) ဦး၊  ဖောင်းပြင်မြို့မှ အမျိုးသား(၂)ဦး အမျိုးသမီး(၁)ဦးနှင့် တမူးမြို့မှ အမျိုးသား(၁၃)ဦး၊ စုစုပေါင်း အမျိုးသား(၄၂)ဦးနှင့် အမျိုးသမီး(၃)ဦး၊ (၄၅)ဦးတို့သည် ၎င်းတို့နှင့်အတူ ပါရှိလာသည့် ပစ္စတိုသေနတ်(၁)လက်၊ MA-1 သေနတ်(၂)လက်၊ MA-3 သေနတ်(၂)လက်၊ MA-11သေနတ်(၁)လက်၊ M-22 သေနတ် (၁)လက်၊ Type-81 သေနတ် (၁၁)လက်၊ AK-47သေနတ် (၁)လက်၊ ကာဘိုင် သေနတ် (၁)လက်နှင့် ရိုင်ဖယ်သေနတ် (၁)လက် စုစုပေါင်း(၂၁)လက်၊ ကျည်အိမ်(၃၀)ခု၊ ကျည်မျိုးစုံ (၆၇၉)တောင့်၊ လက်ပစ်ဗုံး(၆)လုံးနှင့် စကားပြောစက်(၃)လုံးတို့အား လွှဲပြောင်းအပ်နှံရာ တာဝန်ရှိသူများ ကလက်ခံရယူပြီး မောင်းပြန် ရိုင်ဖယ်သေနတ် (၂၀)လက်အတွက် ဆုကြေးငွေကျပ်သိန်း ၁၀၀၀၊ ပစ္စတိုသေနတ်(၁)လက်အတွက် ဆုကြေးငွေကျပ်သိန်း ၂၀၊ လက်ပစ်ဗုံး (၆)လုံးအတွက် ဆုကြေးငွေကျပ် ၁၈ သိန်း၊ စကားပြောစက် (၃)လုံးအတွက် ဆုကြေးငွေ ၆ သိန်းကျပ်၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် ဆုကြေးငွေ ၂၂ သိန်း ၅ သောင်းကျပ်နှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ ဝန်ခံကတိလက်မှတ် ရေးထိုးစေပြီး  မိဘအုပ်ထိန်းသူများထံသို့စနစ်တကျလွှဲပြောင်းအပ်နှံပေးကြသည်။

            ထို့ကြောင့် ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ နိုင်ငံတော်နှင့် တပ်မတော် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDFအမည်ခံ အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့အသီးသီးမှ အမျိုးသား ၁၃၁ဦး၊ အမျိုးသမီး ၉ဦး စုစုပေါင်း ၁၄၀ ဦးသည် လက်နက်မျိုးစုံ ၂၇ လက်၊ လက်ပစ်ဗုံး ၁၆ လုံး၊ ခဲယမ်းများ ဆက်စပ် ပစ္စည်းများနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည် ဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင် အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှု မရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်းငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဉပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

               ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး၍ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံ ကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက်ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

               ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံ များကိုလည်း ယခုကဲ့သို့ကြားသိရပါသည်-

                ဘယ်ကနေစရောက်လဲ ဆိုတော့ ကျွန်တော့်ကို တပ်ရင်းကို ပို့တယ်။ တစ်နှစ် သုံးလ ဆိုတဲ့ စာချုပ်နဲ့ ပို့တယ်။ ဒါပေမယ့် ဟိုရောက်သွားတော့ စာချုပ်ကမရှိတော့ဘူး။ ဒီမှာ သန္ဓေနေရတယ်။ သန္ဓေကနေမှ ၉၇၀၆ ဒေါင်းနီတပ်ရင်းမှာ တစ်နှစ် သုံးလစာချုပ်နဲ့။ ဒါပေမယ့် အဲ့ဒီမှာ တစ်နှစ် သုံးလ စာချုပ်ကမရှိတော့ဘူး။ ဒေါင်းနီ ရောက်ပြန်တော့လည်း  တစ်ခါ ရှမ်းမြောက်ကို ပြန်ပို့ခံရတယ်။ ဒါပေမယ့် သူတို့ပြောပြောနေတဲ့ စာချုပ်ဆိုတာလည်း မရှိဘူး။ အဲ့ဒီမှာ အဆိုးဆုံးက ခေါင်းဆောင်တွေက တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိဘူး။ ကျွန်တော်အဲ့ဒီမှာ တပ်နှစ်ခါပြေးတယ်။ တစ်ခါမိတယ်။ အရိုက်ခံရတယ်။ သေလုနီးပါးအရိုက် ခံရတယ်။ သူတို့ခွဲခြားဆက်ဆံတာတွေက ထမင်းစားမယ်ဆိုရင်တောင် သူတို့က သူတို့ဟာ သူတို့ ချက်စားကြတယ်။ ရဲဘော်တွေကြတော့ ချက်တယ်။ ကျွန်တော်တို့ အဆိုးဆုံး အစား အစာကတော့ ဆွန်တန်တောင်မှ ဆား၊ ဟင်းချိုမှုန့် မပါဘူး။ ဆွန်တန်တစ်ခွက်ထဲနဲ့ စားခဲ့ရ တယ်။ ရှေ့တန်းမှာလည်း နှစ်ရက်သုံးရက်လောက်ထိ ရိက္ခာထမင်း လာမပို့နိုင်ဘူး။ ကြုံခဲ့ရဘူး တယ်။ သူငယ်ချင်း တစ်ယောက်ထိတယ်။ ဒါပေမယ့် ကိုယ်ပဲ အဲ့ဒီထိသွားတဲ့ ဟာကို နောက်တန်းထိ ထမ်းပြီးတော့ ကျည်ပေါက်ရာတွေ ကြားထဲက ကိုယ်ပဲ သွားပို့ပေးရတယ်။ အဲ့ဒီမှာ တာဝန်ပြီးဆုံးအောင် တိုက်ခိုင်းတာပေါ့။ တာဝန်ပြီးဆုံးတဲ့အထိ တိုက်ရအောင် သူတို့ လုပ်နေတဲ့ ပုံစံတွေက အဆင်မပြေဘူး။ မကြိုက်ဘူး။ တိုက်လည်း မတိုက်ချင်တော့ဘူး။ စိတ် လည်း မပါတော့ဘူး။ အဆိုးဆုံးကတော့ တာဝန်ယူမှု တာဝန်ခံမှု မရှိတာ တော်တော်ကို ဆိုးတယ်။ အဲ့လို ကျသွားတဲ့ ရဲဘော်တွေဘာတွေ ရှိရင် သူတို့က ဘာတစ်ခုမှ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး။ မိဘတွေဆီကိုပါ တစ်ခါတစ်လေဆို သတင်းမရောက်တဲ့ ရဲဘော်တွေ ရှိတယ်။ သူ့သားသမီး ကျသွားတာတောင်မှ မသိခဲ့ရဘူး။ အဲ့လိုမျိုးတွေလည်း ရှိတယ်။ သတင်းတောင် ပို့မပေးခဲ့ဘူး။ မနိုင်မှန်းသိရက်နဲ့ တိုက်နေတာကြီးကို အဲ့ဒီမှာ ကျန်နေတဲ့ ကောင်တွေကိုလည်း ဆက်ပြီးတော့ မတိုက်စေချင်ဘူး။ တိုက်လည်း နိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ အမြန်အလင်းဝင်ရမယ်ဆိုတဲ့ အမြန်အလင်းဝင်ရာက်ဖို့ သူငယ်ချင်းတွေ ကို ပြောချင်တယ်။ မဖြစ်နိုင်တဲ့ အရာကြီးကို မလုပ်နဲ့တော့လို့ ဒီမှာ ဆက်နေနေရင်လည်း ဘဝ လူညွှန့်တုံးပြီးတော့။ ဘာမှတိုးတက်မှာလည်း မဟုတ်ဘူး။ လူငယ်ဘဝတွေလည်း ပျောက်ဆုံး သွားမှာ ပေါ့နော်။ ကိုယ့်ဟာနဲ့ကို ဒီမှာအလင်းဝင်။ ကိုယ့်မိသားစုနဲ့ကို ပြန်နေပြီး လုပ်ကိုင်စား သောက်ပြီးတော့ ကျောင်းတက်စရာရှိတဲ့ လူတွေလည်း ပြန်တက်ပြီးတော့ နေစေချင်တယ်။ ကျွန်တော်အစက ဒီကိုအလင်းဝင်ဖို့ တစ်ပတ်ကျော်ကျော် နှစ်ပတ်လောက် စဉ်းစားတယ်။ စဉ်းစားတော့ ဒီမှာ အရင်အလင်းဝင်ထားတဲ့ သူငယ်ချင်းတွေ ရှိတော့ ဖုန်းလှမ်းဆက်ပြီးတော့ မင်းတို့ အဆင်ပြေလား။ သူတို့ကလည်း အေးဆေးပဲ အဆင်ပြေတယ်။ အခမ်းအနားပြီးရင်တောင် မိဘတွေဆီ ပြန်အပ်ပေးတယ်။ အစက တွေးတာပေါ့။ သေချာပေါက် အချုပ်ကတော့ ကျမယ်။ အဲ့လိုလည်း မဟုတ်ဘူး။ လွတ်လွတ်လပ်လပ်နေရ တယ်။ အပြင်တွေ ဘာတွေလည်း သွားခိုင်းတယ်။ ချုပ်နှောင်ထားတာလည်း မရှိဘူး။ အဝတ်အစားတွေ ဘာတွေကအစ အကုန်ဆင်ပေးတယ်။ နေတာထိုင်တာ စားတာ သောက်တာကအစ အစစအရာရာ အဆင်ပြေအောင်လုပ်ပေးတယ်။ တောထဲမှာ နေရတာနဲ့ တစ်ခြားဆီပဲ။

               အကြမ်းဖက် PDF တွေက ပေါ်တာဆွဲသွားလို့ ပါသွားတာပါ။ ကျွန်တော်တို့ အထဲမှာ နေရတာအဆင်မပြေပါဘူး။ သူတို့ဟာ ကျွန်တော်တို့ကို ခွဲခြားဆက်ဆံတယ်။ ဆက်ကြေးတွေ ကောက်ခိုင်းတယ်။ ကျောင်းတွေလည်း ဖျက်ဆီးပါတယ်။ ပြီးတော့ သူတို့တွေက စစ်ယူနီဖောင်းကို ဝတ်ပြီးတော့ လိမ်ပြီးတော့ VIDEO ရိုက်တင်ပါတယ်။ အဲ့တာကြောင့်မို့လို့ ကျွန်တော်တို့ သူတို့လုပ်ပုံလုပ်နည်းတွေကို မကြိုက်ပါဘူး။ NUG အစိုးရကိုလည်း မကြိုက်ပါ ဘူး။ ဝင်ဝင်ချင်းကတော့ ကျွန်တော်တို့တွေကို ရိုက်နှက်မယ် ထောင်ချမယ်လို့ ကျွန်တော်တို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ဒီမှာရောက်တော့ ကိုယ့် ညီအစ်ကိုလို မောင်နှမလို ကိုယ့်သားလေးလို ကိုယ့်မြေးလေးလိုပဲ အားလုံးက နွေးထွေးစွာကြိုဆိုကြပါတယ်။ ဟိုမှာ ရှိတဲ့ ညီအစ်ကို ညီအစ်မတွေကိုလည်း အားလုံး အစ်ကို ပြောတဲ့ စကားကို ကြားပြီးတော့ အမြန်ဆုံး အလင်းဝင်ခဲ့ပါလို့။ ဘယ်တော့မှ အမှောင်ထုထဲမှာ မနေပါနဲ့။ အလင်းကို အမြန်ဆုံး ထွက်ခဲ့ ကြပါလို့။ ဒီကောင်တွေ လက်ထဲမှာ နေလို့ရှိရင် ဘဝဟာ ဆက်ပြီးပျက်သည်ထက်ပျက်မှာပါ။ သူတို့ ကျွန်တော်ကိုစစ်သားလည်း လုပ်ခိုင်းသေးတယ်။ ကျွန်တော့်ဦးလေးကိုလည်း သတ်တယ်။ ကျွန်တော့် မိသားစုကို လည်း ခြိမ်းခြောက်တယ်။ ကျွန်တော် ငါးနှစ်လုံးလုံး တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ကျွန်တော် အဲ့ဒီခံစားချက်ကြောင့် အလင်းဝင်လာတာပါ။ ဒီမှာရောက်တော့ နွေးထွေးစွာ ကြိုဆိုပါတယ်။ အားလုံးကိုလည်း ဒီလိုနွေးထွေးစွာ ကြိုဆိုပေး လို့ ကျွန်တော်က ကျေးဇူးတင်ရှိပါတယ်။