စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာရှိ ရွှေသိမ်တော်ဘုန်းကြီးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဆရာတော်အား PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ရက်စက်စွာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်
နေပြည်တော်၊ ဩဂုတ် ၂၇
NUG ၊ CRPH အကြမ်းဖက်အဖွဲ့များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးစေရန်နှင့် မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ရန် အတွက် သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင် ကြသည့် ပြည်သူ အချို့အား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများကို ဥပဒေမဲ့ ကျူးလွန်လျက်ရှိသည့်အပြင် အေးချမ်းစွာ တရားဘာဝနာပွားများ အားထုတ်လျက်ရှိသော သံဃာ တော်များကိုလည်း ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများကို ယုတ်မာ ရိုင်းဆိုင်းစွာ ကျူးလွန်လျက်ရှိကြသည်။
ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်လျက်ရှိရာ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ၃၀ ဦးခန့်သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦး မြို့နယ်၊ မုံရွာ- ရေစကြိုကားလမ်းပေါ်၌ တည်ရှိသည့် ရွှေဒါးကျကျေးရွာရှိ ရွှေသိမ်တော်ဘုန်းကြီး ကျောင်းသို့ လက်နက်များ ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး လက်ထောက်ကျောင်းထိုင် ဆရာတော် အရှင်ဣန္ဒာစာရ၊ သက်တော်(၅၂)နှစ်၊ ဝါတော်(၂၂)ဝါနှင့် အဆိုပါကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် ဦးမြင့်ဆွေ(၆၀)နှစ်၊ ဒေါ်နီလာထွန်း(၄၂)နှစ်၊ ဦးမျိုးနိုင်(၆၀)နှစ်၊ ဦးသဲမောင်ဆွေ(၂၄)နှစ်၊ ဦးမျိုးထွန်းအောင်(၃၈)နှစ်၊ ဦးသက်ထွေး(၂၃)နှစ်၊ စုစုပေါင်း ၇ ဦးအား လိုရာစွဲ ခေါင်းစဉ်တပ်၍ မထိသာ ကျေးရွာဘက်သို့ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးထားသူ ၇ ဦးအနက်မှ ဦးမျိုးထွန်းအောင်နှင့် ဦးသက်ထွေးတို့ ၂ ဦးအား ပြန်လည်စေလွှတ်ပေးခဲ့သည်။ ဆက်လက်၍ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်းတွင် ကျေးရွာနေ ပြည်သူ များဖြစ်ကြသည့် ဦးမြင့်ဆွေ(၆၅)နှစ်၊ ဦးမှတ်တင်(၆၃)နှစ်နှင့် ဦးမြတ်ထွန်း(၇၀)နှစ်တို့ ၃ ဦးအား ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသဖြင့် စုစုပေါင်း ဆရာတော် ၁ ပါးနှင့် အပြစ်မဲ့ဒေသခံပြည်သူ ၇ ဦး တို့အား ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရှိရသည်။
ထိုသို့ ဖမ်းဆီးသွားပြီးနောက် အကြမ်းဖက်သမားများက ဆရာတော် အရှင်ဣန္ဒာစာရအား လူမဆန်စွာဖြင့် တင်ပါး၊ ခြေသလုံး၊ ပေါင်၊ ကျောနှင့် ရင်ဘတ်တို့အား တုတ်ဖြင့်ရိုက်နှက်ခြင်း၊ မီးစနှင့်ထိုးခြင်း၊ လက်ချောင်းနှင့် ခန္ဓာကိုယ်အချို့နေရာများတွင် အသားအား ဓားဖြင့် လှီးဖြတ်ခြင်း များဖြင့် ရက်စက်စွာ အကြမ်းဖက်နှိပ်စက်မှုများကြောင့် ဆရာတော်သည် ပျံလွန်တော်မူခဲ့ရသည်။ အကြမ်းဖက်သောင်းကျန်းသူများသည် ဆရာတော်၏ ရုပ်အလောင်းအား ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မထိသာ ကျေးရွာအနီးသို့ လာရောက်ယူဆောင်ရန် အကြောင်းကြားလာသဖြင့် ကျေးရွာနေ ပြည်သူများက လူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် သွားရောက်သယ်ဆောင်ခဲ့ပြီး ရွှေဒါးကျကျေးရွာ၌ မီးသင်္ဂြိုဟ်ပေးခဲ့ကြသည်။
အကြမ်းဖက်သမားများက ၎င်းတို့၏ အကြမ်းဖက်ဖမ်းဆီးနှိပ်စက်မှုကြောင့် ဆရာတော် ပျံလွန်တော်မူခဲ့ခြင်းအား ဖုံးကွယ်ဖြေရှင်းနိုင်ရန်အတွက် DCS ပြုလုပ်ထားသည့် ဆရာဝန်တစ်ဦး၏ အကူအညီဖြင့် ဆေးမှတ်တမ်းများ အတုပြုလုပ်ကာ မဟုတ်မမှန်လိမ်လည်ဝါဒဖြန့်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းနှင့် အပြစ်မဲ့ဒေသခံပြည်သူ (၇)ဦး ကိုလည်း ဖမ်းဆီးထားဆဲ ဖြစ် ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အများပြည်သူကိုးကွယ်ယုံကြည်ရာဖြစ်သော အေးချမ်းစွာ တရားဘာဝနာ ပွားများ အားထုတ်လျက်ရှိသည့် ဆရာတော်အား အောက်တန်းကျစွာ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခဲ့ ကြသည့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအား ဒေသခံပြည်သူများက ရွံရှာစက်ဆုတ် မုန်းတီးလျက်ရှိကြောင်း၊ အဆိုပါ အကြမ်းဖက်လုပ်ရပ်အပေါ် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက် ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အဆိုပါအကြမ်းဖက် သောင်းကျန်း သူများအား လိုအပ်သည့်တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

