‎တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများ၊ဆရာ ၊ ဆရာမများ သွားရောက်လေ့လာ‎ ‎နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၂၇‎

Friday, August 28, 2026 - 09:00

 

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများ၊ဆရာ ၊ ဆရာမများ သွားရောက်လေ့လာ

‎နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၂၇‎

‎​        ကျောင်းသား လူငယ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံတော်သမိုင်းနှင့် တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန်၊ သဘာဝပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ရှု၍ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ကျန်းမာသန်စွမ်းစွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။‎

‎​        ယင်းသို့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ (နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ကြို့ပင်ဆိပ်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် စိတ်အား ထက်သန်စွာဖြင့် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက် လေ့လာ ကြသည်။‎

‎​        ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက် တာဝန်ရှိသူက ပြတိုက်၏ သမိုင်း၊ ရဲဘော်သုံးချိပ် သမိုင်း၊ ​ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းကြသည်။

ဆက်လက်၍ ပြင်ပပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း) ပြင်ပကွက်တွင် ဒုတိယကမ္ဘာစစ်နှင့် စစ်ပြီးကာလတို့တွင် အသုံးပြုခဲ့သော အမြောက်နှင့်သံချပ်ကာများ၊ တပ်မတော်(ရေ)ပြင်ပပြကွက်တွင်  စစ်ရေယာဉ်ပုံစံတူ များနှင့် အမြောက်များ၊ တပ်မတော် (လေ)ပြင်ပပြကွက်တွင် ခေတ်အဆက်ဆက် အသုံးပြုခဲ့သော တပ်မတော်လေယာဉ်များ‎ကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာပြခန်းတာဝန်ရှိသူများက ရှင်းလင်းဖြေကြား ကြကြောင်း သိရသည်။

ထို့အပြင် ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏မေးမြန်းချက်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား၊ ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို အသီးသီး ဆုအဖြစ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။