(၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ
နေပြည်တော် ၊ ၂၀၂၆ ဩဂုတ်၂၇
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူ ရှင်ခန်းမ၌ ဆက်လက်ကျင်းပသည်။
ဦးစွာ ကာလပေါ်တေးအဆိုပြိုင်ပွဲ(အမျိုးသား)ကို ပြိုင်ပွဲဝင် ၁၅ ဦးက စာဆိုစစ်သည် တေးသီချင်းဖြင့်လည်းကောင်း၊ ကာလပေါ်တေးအဆိုပြိုင်ပွဲ(အမျိုးသမီး)ကို ပြိုင်ပွဲဝင် ၂၂ ဦးက တောင်တန်းပြာနဲ့စစ်စခန်းတေးသီချင်းဖြင့်လည်းကောင်း အသီးသီးသီဆို ယှဉ်ပြိုင် ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ခေတ်ပေါ်တေးအဆိုပြိုင်ပွဲ (အမျိုးသား)ကို ပြိုင်ပွဲဝင် ၁၅ ဦးက သူရဲကောင်းအဓိပ္ပါယ်များ သီချင်းဖြင့် လည်းကောင်း၊ ခေတ်ပေါ်တေးအဆိုပြိုင်ပွဲ (အမျိုးသမီး)ကို ပြိုင်ပွဲဝင် ၂၂ ဦးက ရူးရူးမိုက်မိုက်အချစ်သီချင်းဖြင့် လည်းကောင်း အသီးသီး သီဆိုယှဉ်ပြိုင်ကြသည်။
ညပိုင်းတွင် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများကအငြိမ့်နှင့် ပြဇာတ်များကို ပါဝင် ကပြယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။



