မူဆယ်မြို့အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ နေပြည်‌တော်၊ ၂၀၂၆ ဩဂုတ် ၂၇

Friday, August 28, 2026 - 08:45

 

မူဆယ်မြို့အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်‌တော်၊ ၂၀၂၆ ဩဂုတ် ၂၇

        နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ် အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက် ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ် တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

        ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံ ရပ်ကွက်အတွင်း၌အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများ ရောက်ရှိနေထိုင် လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်များအား စုံစမ်းရှာဖွေ ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကောင်းမှုတုံ ရပ်ကွက်၊ ဟိုနားနယ်မြေ၊ မြို့ရှောင်လမ်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၃၁ ဦးတို့အား ဖုန်းမျိုးစုံ ၄၂၂ လုံး၊ All In One ကွန်ပျူတာ ၁၈ လုံး၊ Desktop ကွန်ပျူတာ ၂၀ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ Star Link ၂ လုံး၊ Wifi စက် ၂  လုံး၊ တရုတ်ငွေ ၂၄၅၀၀ ယွမ်၊ Lexus အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ Crown အမျိုးအစား မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ်မျိုးစုံ ၃ စီး၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီး ရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိ သည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်း လိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။