တပ်မတော်စစ်ကြောင်းများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၃ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဩဂုတ် ၂၆
ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်စေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် နယ်စပ်ဒေသများ တွင်အခြေပြုပြီး လုပ်ကိုင်နေမှုများကို ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် တိုက်ဖျက် နေသကဲ့သို့ ပြည်တွင်း၌ ကျူးလွန်နေသူများကိုလည်း ပြင်းပြင်းထန်ထန် ဖမ်းဆီး အရေး ယူခြင်းများဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အရှိန်အဟုန်ဖြင့် တက်ကြွစွာ ဆောင်ရွက် လျက်ရှိရာ တပ်မတော်စစ်ကြောင်းများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၃ ဦးအား လုပ်ငန်းသုံးပစ္စည်း များနှင့်အတူ ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုပြုလုပ်သူများသည် ယာယီလူနေတဲများဆောက်လုပ်၍ အခြေပြုခိုအောင်း လုပ်ကိုင်လျက်ရှိကြောင်း တာဝန်သိဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများက သတင်းကွင်းဆက် ရယူဖော်ထုတ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်း တွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် မီတာ ၂၆၀၀၀ ခန့်အကွာ၊ မန်ဖိုင်ကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသော တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး တို့အား အွန်လိုင်းလိမ်လည်လောင်းကစား မှုကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၅၀ ပေ၊ အနံ ၂၀ ထရံကာသွပ်မိုး အဆောက်အအုံ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၀ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ အလျား ၁၀ ပေ အနံ ၁၅ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ အလျား ၁၅ ပေ အနံ ၁၀ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၅ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၂၀ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ ဖုန်းမျိုးစုံ ၂၅ လုံး၊ All In One ကွန်ပျူတာ ၅ လုံး၊ Power Station ၂ လုံး၊ Star Link ၁ လုံး၊ စကားပြောစက် ၁၀ လုံး၊ အခြား လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများ အား စစ်ဆေးမှုများဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်း သုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်သည်။ ထို့ပြင် တရားမဝင်ဆောက်လုပ်ထားသည့် လူနေတဲများနှင့် လုပ်ငန်းသုံး တဲများကိုလည်း စနစ်တကျဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့်အပြီးတိုင် ပပျောက်စေရေး တို့အတွက် အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် အထူး အလေးထား၍ တက်ကြွစွာဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။






