ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင် တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ မှ ၁၁/၆ + ၃၀၀ နေရာ၌ တိုးမြစ်၏ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ ရက်နေ့တွင် အလျား ပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တာကိုယ်ထည်တိုက်စားခံရမှုအပေါ် ယာယီကာကွယ်နိုင်ရန်အတွက် တာခြေတွင် တုတ်တန်းရိုက် သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြင့် တာခြေထောက်ခြင်း၊ ယာယီပန်းတာတည်ဆောက်ခြင်းလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း တာကိုယ်ထည် တိုက်စားမှု ဖြစ်ပေါ်ခဲ့သည့် နေရာ၏ အနောက်ဘက် ပေ (၂၀၀) ခန့် အကွာတွင် အလျား(၇၀၀)ပေ၊ အမြင့် (၁၀) ပေ ယာယီတာပတ်ခြင်း (Ring Bund) လုပ်ငန်းများကိုစက်ယန္တရားများ အသုံးပြု၍ ဆောင်ရွက်ခြင်း၊ တာခြေထောက်ခြင်း၊ မြစ်ကမ်းထိန်းတာအား ပြင်ဆင်ခြင်း၊ ယာယီ ပန်းတာ တည်ဆောက်ခြင်း၊ မြစ်ရေအရှိန်လျော့ကျစေရေးအတွက် ရေထိန်းဝါးဖောင် များ ပြုလုပ်ခြင်းများကို အင်တိုက်အားတိုက်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ သည်။ ထိုသို့ ဆောင်ရွက်နေမှုများကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။





